ဒဏ်ငွေကောလာဟလကြောင့် ဆိုင်ကယ်တွင် မီးသတ်အရေးပေါ်နံပါတ် လာတပ်သူများပြား

0
3496

တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနရုံးတွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းမှစပြီး အရေးပေါ် ၁၉၁ ဖုန်းနံပါတ် စတေကာ တပ်ဆင်သူများဖြင့် တိုးဝှေ့လျှက်ရှိကြသည်။

ဆိုင်ကယ်ပေါ်တွင် ၁၉၁ နံပါတ် မတပ်ဆင်ပါက ဒဏ်ငွေအရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းကြောင့် ယင်းကဲ့သို့ တိုးဝှေ့တပ်ဆင်နေကြခြင်းဖြစ်ကြောင်း လာရောက်တပ်ဆင်သူများက ပြောဆိုကြသည်။

“မတပ်ရင် ဒဏ်ငွေ ငါးသောင်း (ကျပ်) ဆောင်ရမယ်ပြောလို့လာတပ်တာပါ” ဟု မီးသတ်ရုံးဝင်းအတွင်း ၁၉၁ နံပါတ်စတေကာ လာတပ်သူတစ်ဦးက ‌ ပြောသည်။

ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းကမူ ဒဏ်ငွေရိုက်မည် မဟုတ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ ဒဏ်ငွေရိုက်တာ ဘာညာ လုံးဝမလုပ်ပါဘူး။ အလကား ကပ်ပေးနေပါတယ်။ မတပ်တဲ့ဆိုင်ကယ်ကို ဒဏ်ငွေရိုက်မယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ မလုပ်ပါဘူး” ဟု ၎င်းက ယနေ့ နံနက် ၁၁နာရီခန့်က ပြောသည်။

မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်ဖုန်းနံပါတ် ၁၉၁ ကို ဆယ်သွယ်နိုင်ကြောင်း လူအများသိရှိစေရန် ပညာပေးဆောင်ရွက်ခြင်းသာဖြစ်သည်ဟုလည်း ဆိုသည်။

တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာန၏ စာရင်းအရ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်အတွင်း မီးလောင်မှု ၃၅၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆောက်အဦး ၂၇၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် ဆိုင်ကယ်နှင့် ပတ်သတ်သည့် အထောက်အထားများကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေသဖြင့် ဒေသခံများမှာ စိုးရိမ်နေကြရသည်။

လတ်တလောတွင် ဘီးခွန်မပါသည့် ဆိုင်ကယ်များကို ဖမ်းဆီးနေသဖြင့် စည်ပင်သာယာရုံးတွင် ဘီးခွန်ဆောင်သူများ လည်း များပြားလျှက်ရှိသည်။

တစ်နှစ်သက်တမ်းရှိ ဘီးခွန်တစ်ချပ်ကို ကျပ် ၆၀၀၀ ခန့်သာ ပေးရသော်လည်း ပွဲစားမှတစ်ဆင့်လုပ်ဆောင်ပါက ၁၀၀၀၀ ကျပ်အထိ ပေးနေကြရသည်။