ထိုင်း ကန်ချနဘူရီတွင် မြန်မာဒုက္ခသည်စခန်း မီးလောင်

0
3161

ပြည်တွင်းတွင် တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်သို့ ထွက်ပြေးတိမ်းရှောင်နေသော မြန်မာဒုက္ခသည်များနေထိုင်နေသည့် စခန်းတစ်ခု မီးလောင်ကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၅ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်က မြန်မာဒုက္ခသည်များ ခရစ်မတ်ပွဲတော်ကျင်းပနေချိန် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂၁လုံး လုံးဝပျက်စီးဆုံးရှုံးပြီး ကျန်နေအိမ် ၁ဝလုံးမှာ အနည်းငယ်ထိခိုက်ပျက်စီးကာ ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ဖွင့်ထားသော ဒုက္ခသည်စခန်း ကိုးခုအနက်တစ်ခုဖြစ်သော စန်ခရာဘူရီဒေသရှိ နော့လူရွာ ဘန့်ဒွန်းယမ်း ဒုက္ခသည်စခန်းဖြစ်သည်။

စခန်းတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည် ၃၄၀၀ ခန့်နေထိုင်လျက်ရှိပြီး အများစုမှာ တနင်္သာရီတိုင်းဒေသခံ ကရင်လူမျိုးအများစု ဖြစ်ကြောင်း UNHCR ၏ အချက်အလက်များအရ သိရသည်။

မီးသည် မီးဖိုချောင်တစ်ခုက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ပြီး ထိုမှတဆင့် သစ်သားနှင့် သက်ကယ်အမိုးဆီသို့ အလျင်အမြန်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း စန်ခရာဘူရီအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။

ယင်းစခန်းက မြန်မာဒုက္ခသည်များကို ကူညီရန် NGO အဖွဲ့အစည်းတစ်ခုဖြစ်သော The Border Consortium အဖွဲ့ဆီသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။

လက်ရှိအချိန်တွင် စန်ခရာဘူရီတာဝန်ရှိသူများက မီးလောင်ကျွမ်းမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော မြန်မာဒုက္ခသည်များကို စခန်းအတွင်းရှိ စာသင်ကျောင်းတွင် နေထိုင်ရန် စီစဉ်ထားပြီး အစားအသောက်နှင့် လိုအပ်ပစ္စည်းများကို ကူညီပေးထားကြောင်း သတင်းတွင် ဖော်ပြသည်။