ထားဝယ်အထူးစီးပွားရေးဇုန်အနီးက ဒေသခံများ ထွက်ပြေးနေကြရ

0
3165

ထားဝယ်အထူးစီးပွားရေးဇုန်အနီးက ကျေးရွာအချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ယနေ ဒီဇင်ဘာလ ၂၅ ရက် နေ့လယ် ၁၂ နာရီကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြောင်း နဘုလယ်ဒေသ ပရဒပ်ရွာဒေသခံအချို့ကဆိုသည်။

“ရွာထဲမှာတွေ့တဲ့သူတွေ ဖမ်းနေကြတယ်။ ဒေါ်နှင်းပို၊ ဒေါ်သံခဲတို့ အဖမ်းခံရတဲ့သူတွေ တော်တော်များတယ်လို့ကြားရတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ပရဒပ်ရွာသူတစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်က မည်သည့်အတွက်ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာ နဘုလယ်ဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည်ကိုမူ မသိရသေးပေ။

သို့သော် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်၏ လုံခြုံရေး ရဲကင်းစခန်းကို မနေ့မနက်ပိုင်းတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံများကဆိုသည်။

ရဲစခန်းဝင်ရောက်တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်များ ဝင်ရောက်လာမှုကြောင့် ဝက်ချောင်းရွာ၊ခမောင်းချောင်းရွာ ၊ ထိန်ကြီးရွာ၊ လဲရှောင်ရွာ မှ ဒေသခံအများစုမှာ မနေ့ကတည်းက နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများကဆိုသည်။

နဘုလယ်ဒေသသည် ထားဝယ်ခရိုင် ရေဖြူမြို့နယ်ထဲတွင်ပါဝင်သည်။