အကြွေးဆပ်ရန် ရွှေဆိုင်ဝင်လုသည့် မြန်မာလုပ်သား ထိုင်းရဲချုပ်အိမ် ဝင်ပုန်းရာမှ အဖမ်းခံရ

0
3014
ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဘတ် ၁ သိန်းခွဲတန်ဖိုးရှိ ရွှေထည်များ လုယူထွက်ပြေးသည့် မြန်မာလုပ်သားမှာ ထိုင်းရဲချုပ်တစ်ဦး၏ နေအိမ်ထဲ ဝင်ပုန်းမိသဖြင့် အဖမ်းခံလိုက်ရကြောင်း Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ရွှေဆိုင်ဝင်လုရာမှ ဖမ်းဆီးခံရသူမှာ အသက် ၃၀ နှစ်အရွယ် မောင်သက်ဦးဖြစ်သည်။

၎င်းမှာအထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်ပြီး အကြွေးတင်နေသဖြင့် စိတ်ဖိစီးကာ ရွှေခိုးဖို့ ကြံစည်ခဲ့မိသည်ဟု ဝန်ခံခဲ့ကြောင်း သတင်းတွင် ရေးသားထားသည်။

၎င်း၏ဝင်ငွေမှာ ထိုင်းနိုင်ငံ၏ အခြေခံလစာအောက် လျော့နည်းသော တစ်လ ဘတ် ၅၀၀၀ သာရရှိနေခဲ့ပြီး မိသားစုဆီသို့ ထောက်ပံ့နိုင်ရန် ငွေတိုးချေးသမားထံမှ ဘတ် ၇၀၀၀၀ ကိုချေးယူခဲ့ကာ တစ်လလျှင် ဘတ် ၃၀၀၀ ပုံမှန်ပြန်ဆပ်နေခဲ့ရသူ တစ်ဦးဖြစ်ကြောင်း အဆိုပါသတင်းတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံ၏ အနည်းဆုံး အခြေခံလုပ်ခလစာမှာ တစ်လ ဘတ် ၉၀၀၀ သတ်မှတ်ထားသော်လည်း မြန်မာအလုပ်သမား အများစုမှာ ဘတ် ၉၀၀၀ အောက်လျော့နည်းသည့် လုပ်ခလစာဖြင့်သာ လုပ်ကိုင်နေရသည်။

ရွှေဆိုင်ပိုင်ရှင်က မြန်မာအလုပ်သမားသည် နှာခေါင်းစည်းနှင့် ဦးထုပ်ဆောင်းကာ ဘန်ဘောဒေသ အေကချိုင်လမ်း နိုင်လီယ်ဈေးရှိ ထိုင်းစီးလီးအမည်ရသော ၎င်း၏ရွှေဆိုင်အတွင်းသို့ ဝင်လာကာ ရွှေထည်ပစ္စည်းများကို ပြခိုင်းစေခဲ့သည်ဟု ဆိုသည်။

ဘတ် တစ်သိန်းခွဲ တန်ဖိုးရှိ လက်ကောက် ၅ ကွင်းကို ဆတ်ခနဲလုကာ ဈေးအတွင်းသို့ ခိုးယူထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များသို့ အကြောင်းကြားခဲ့ကြောင်း ဖော်ပြထားသည်။

မျက်မြင်သက်သေတစ်ဦးမှ သူခိုးဟုယူဆရသူတစ်ဦးသည် အဝတ်အစားလဲပြီး ဈေးအဆုံးတွင်ရှိသော တံခါးဖွင့်ထားသော အိမ်တစ်အိမ်အတွင်းသို့ ဝင်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့များသို့ အသိပေးခဲ့သည်ဟုဆိုသည်။

မြန်မာအလုပ်သမား ဝင်သွားသောအိမ်မှာ ထိုင်းရဲချုပ်တစ်ဦးပိုင်ဆိုင်သော အိမ်ဖြစ်နေကာ အဆိုပါရဲချုပ်သည် ဈေး၏ ပိုင်ရှင်လည်းဖြစ်နေခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့များ အိမ်အတွင်း ဝင်ရောက်စစ်ဆေးရာ မြန်မာအလုပ်သမားသည် သစ်ပင်ပေါ်သို့ ၃ မီတာခန့်မြင့်အောင်အထိ တက်ပုန်းနေခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ရေးသားထားသည်။

ဖမ်းဆီးရမိချိန်တွင် မြန်မာအလုပ်သမားဆီမှ လက်ကောက် ၃ ကွင်းသာ ပြန်လည်တွေ့ရှိခဲ့ပြီး ကျန် ၂ ကွင်းမှာ ဈေးအတွင်း ပြေးလွှားစဉ်တွင် ကျပျောက်သွားခဲ့သည်ဟု ဝန်ခံခဲ့ပြီး ၎င်းကို ဆက်လက်စုံစမ်း အရေးယူရန် ဘန့်ခွန်ထီးယံရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။