စိုက်ပျိုး၊ မွေးမြူရေးအတွက် ထုတ်ချေးမည့် ငွေကျပ် ရှစ်ဘီလီယံ ဘယ်လောက်အလုပ်ဖြစ်မှာလဲ

0
3102

တနင်္သာရီတိုင်းအတွင်းက စိုက်ပျိုးရေး၊ မွေးမြူရေးသမားများကို ငွေကျပ် ၈ ဘီလီယံထုတ်ချေးမည်ဟု တိုင်းအစိုးရက ထုတ်ပြန်သည်။

အတိုး ၅ ရာခိုင်းနူန်းဖြင့် ဝိုင်းကြီးချုပ်ပုံစံ ထုတ်ချေးမည်ဟုဆိုသည်။

တိုင်းအတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးသမားအချို့ကမူ ချေးငွေအပေါ်စိတ်ဝင်စားဟန်မပြကြပေ။

လက်ရှိတွင် စိုက်ပျိုးရေးထုတ်ကုန်များမှာ ဈေးကွက်မရှိဖြစ်နေသဖြင့် ချေးငွေထက် ပြည်ပဈေးကွက်ရရှိရေးကို လုပ်ဆောင်သင့်ကြောင်း ထားဝယ်မြို့နယ်က စိုက်ပျိုးရေးသမားတစ်ဦးက ဆိုသည်။

“ဈေးကွက်ထိထိ‌ရောက်ရောက်မရှိဘဲနဲ့ ချေးငွေဆိုပြီး ပိုက်ဆံလိုက်ပေးနေတာကတော့ အလကားပဲ” ဟု ၎င်းကဆိုသည်။

ဒေသတွင်း နိုင်ငံရေးပဋိပက္ခများကြောင့် နယ်စပ်သို့ ရော်ဘာ၊ ဝဥ၊ ကွမ်းသီး၊ သီဟိုဠ်စသည့်တို့ တင်ပို့ရာတွင် အခက်အခဲတားဆီးမျိုးစုံနှင့် စိုက်ပျိုးရေးသမားများ ရင်ဆိုင်နေရကြောင်းပြောဆိုကြသည်။

ထားဝယ်ခရိုင် ဝဥဈေးကွက်ဆိုရင် ယခုနှစ်တွင် ဝယ်သူမရှိသဖြင့် မတူးဘဲ ပစ်ထားရသည့် တောင်သူတော်တော်များများ ရှိနေကြောင်း ဝဥစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။

“စပေါ်တုန်းကတော့ တစ်ပိဿာ တစ်ထောင်ကျော်နဲ့ ဝယ်‌တာရှိသေးတယ်။ အခုဆို ဝယ်တဲ့သူမရှိလို့ မတူးဘဲထားထားရတယ်။ နိုင်ငံရေးအခြေအနေမကောင်းတော့ ဒီအထဲထိ ဘယ်သူကလာဝယ်မှာလဲ။ ဒီနှစ်လိုမျိုး ဝယ်တဲ့သူမရှိတာ တစ်ခါမှကို မကြုံဖူးဘူး” ဟု ၎င်းကဆိုသည်။

အလားတူ ကွမ်းသီးနှင့် ရော်ဘာ‌ဈေးကွက်မှာလည်း ဝယ်သူနည်းပါးနေသဖြင့် ဈေးကျဆင်းစပြုနေကြောင်း ပြောဆိုကြသည်။

“တကယ်တော့ ရော်ဘာက ဒီနှစ်ဈေးကောင်းတယ်ပေါ့။ ဒါပေမဲ့ နယ်မြေသာ အေးချမ်းနေမယ်ဆိုရင် ဒီထက်ဈေးကောင်းပိုရမှာ” ဟု ရော်ဘာတောင်သူ တစ်ဦးကဆိုသည်။

ယခုကဲ့သို့ နယ်မြေအေးချမ်းမှု မရှိသည့်အပြင် စိုက်ပျိုး‌ရေးထုတ်ကုန်များ ဈေးကွက်မရှိဖြစ်နေသည့်အချိန်တွင် ချေးငွေထုတ်ချေးပါကလည်း အကြွေးပိတာသာ အဖတ်တင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးသမားအချို့ကဆိုသည်။

“ချေးငွေယူပြီးရင် ငွေဖောင်းပွတာပဲ အဖတ်တင်မယ်။ အတိုးပေးရတာပဲ အဖတ်တင်မယ်။ ဒါကြောင့် ချေးငွေကိုလျှောက်ဖို့လည်း စိတ်မဝင်စားဘူး” ဟု ရော်ဘာစိုက်ပျိုးရေးသမား တစ်ဦးကဆိုသည်။

မွေးမြူရေးသမားအချို့ကလည်း ချေးငွေကိုစိတ်ဝင်စားမှုမရှိကြောင်း ပြောဆိုသည်။

“သူတို့ချေးတာက ဝက်တစ်ကောင်ဆိုရင် (ကျပ်) တစ်သိန်းခွဲပဲပေးမှာ။ ဆယ်ကောင်မွေးမှာ ၁၅ သိန်းပဲရမှာ။ တကယ်လိုအပ်တာက ၁၅ ကောင်ဆို ၄၅ သိန်းလောက်လိုတယ်။ ကျန်တဲ့ သိန်း ၃၀ ကို အပြင်မှာ နှစ်ကျပ်တိုး၊ သုံးကျပ်တိုးနဲ့ချေးရမှာ ဘာမှထူးဘူးအတူတူပဲ။ မယူတာပဲကောင်းတယ်။ ခေါင်းရှုပ်မခံချင်ဘူး” ဟု ထားဝယ်ခရိုင်က ဝက်မွေးမြူရေးသမားတစ်ဦးကဆိုသည်။

စိုက်ပျိုး‌ရေး၊ မွေးမြူရေးအတွက် သွင်းအားစုပစ္စည်းများကို ဒေါ်လာဖြင့်ဝယ်ယူကြရသဖြင့် ဒေါ်လာငွေလဲနှုန်းမတည်ငြိမ်ဘဲ ဖြစ်နေပါက အထိနာလေ့ရှိကြောင်းလည်း ဆိုကြသည်။

ယင်းအတွက်ကြောင့် ချေးငွေအစား သွင်းအားစုဈေးကျဆင်းရေးကို ပိုလိုလားကြောင်း မွေးမြူရေးသမားအချို့ကဆိုသည်။

“တစ်ချို့ ချေးငွေကို စိတ်ဝင်စားပြီး မွေးမြူရေးလုပ်မယ့်သူတွေရှိတယ် ကြားပါတယ်။ ငွေအရင်းခံမရှိဘဲ ချေးငွေအားကိုးနဲ့ မွေးမြူရေးလောကထဲဝင်လာမယ်ဆို ရှိတဲ့အိမ်တွေ၊ မြေတွေကုန်သွားမယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီဘက်ကမူ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ချေးငွေထုတ်ချေးနိုင်ရေးကို အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်၊ ခရိုင်အလိုက် ချေးငွေထုတ်ချေးနိုင်ရေး အစည်းအဝေးများပြုလုပ်လျက်ရှိသည်။

“ချေးငွေအတွက် အခုလောလောဆယ်တော့ စာချုပ်စာတမ်းတွေကိစ္စ အဲဒါ‌တွေမပြတ်သေးလို့ ဆောင်ရွက်နေဆဲပဲရှိသေးတယ်” ဟု စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

ချေးငွေမှာ တစ်လအတိုး ငါးရာခိုင်နှုန်းဖြစ်သဖြင့် တစ်သိန်းကျပ်လျှင် တစ်နှစ်အတိုးမှာ ခြောက်ထောင်ကျပ်ဖြစ်သည်။

ငွေကျပ်ရှစ်ဘီလီယံဆိုပါက တိုင်းစစ်ကောင်စီအနေဖြင့် တစ်နှစ်အတိုး ကျပ်သိန်းပေါင်း လေးထောင်ကျော် ရရှိမည်ဖြစ်သည်။