ကော့သောင်းအကျဉ်းထောင် ဦးစီးမှူးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မှ ဖမ်းဆီးထား

0
3076
ဓါတ်ပုံ - ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့PRDF

ကော့သောင်းခရိုင်၊ အကျဥ်းထောင်ဦးစီးမှူးကို ပုလောပြည်သူ့ကာကွယ်ရေး မဟာမိတ်များမှ ဖမ်းဆီးလိုက်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှသိရသည်။

ဒီဇင်ဘာလ ၂၄ ရက်၊မွန်းလွဲ ၁ နာရီခွဲတွင် ခရီးသည်တင်ကားဖြင့် ဆီအုန်းများတင်ကာ လိုက်ပါလာသည့် အကျဥ်းထောင်ဦးစီးမှူးကို ပုလောမြို့နယ်၊ကဒဲရွာအနီးတွင် မဟာမိတ်တပ်များက ဖမ်းဆီးလိုက်သည်ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)က ဒီဇင်ဘာလ ၂၄ ရက်နေ့ ညက ထုတ်ပြန်ကြေညာခဲ့သည်။

ကော့သောင်းထောင်မှူး ဟုတ်မဟုတ်ကိုမူ Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကော့သောင်းထောင်သို့ ဆက်သွယ်မေးမြန်းသော်လည်း စုံစမ်းနေဆဲဖြစ်ပြီး ပြန်လည်ဖြေကြားပေးမည်ဟုသာ ပြောဆိုသည်။

ဦးစီးမှူးနှင့်အတူ ငွေကျပ် ၁၇ သိန်းနှင့်ဖုန်းတစ်လုံးကို မဟာမိတ်တပ်ပေါင်းစုမှ သိမ်းခဲ့ပြီး ခရီးသည်နှင့်ကားကိုမူ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းဖမ်းဆီးမှုကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PPDF)နှင့် အရိပ်ပျောက်ကြားအဖွဲ့(PSGF)တို့က ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ဦးစီးမှူးကို ထိန်းသိမ်းထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“ဆီအုန်းတွေကိုတော့ ကဒဲလမ်းဆုံမှာ လောင်းပုံထားတာတွေ့ရတယ်။ လူတစ်ယောက်လည်း ဖမ်းလိုက်တယ်။ အရပ်ဝတ်နဲ့ ဆိုတော့ ကျွန်တော်တို့လည်း ဘယ်သူဘယ်ဝါမှန်းမသိဘူး။ ဒီမနက်မှ အကျဉ်းဦးစီးမှူး လို့ကြားရတယ်”ဟု ကဒဲဒေသခံ အမျိုးသားကပြောသည်။

ကဒဲရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်လေ့ရှိပြီး ပုလော-မြိတ် ပြည်ထောင်စုလမ်းပေါ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များမှ ယာဉ်များအား စစ်ဆေးလေ့ရှိသည်။