တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3421

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ

အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေကို တက္ကသိုလ်တက်ခွင့် ပိတ်ပင်

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် ခေါင်းဆောင်တွေကနေ နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ တက္ကသိုလ်တက်ခွင့်ကို နောက်ထပ် အမိန့် မထုတ်ပြန်မချင်း ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

အစိုးရနဲ့ ပုဂ္ဂလိကပိုင်တက္ကသိုလ်တွေကို ထုတ်ပြန်တဲ့ အမိန်စာမှာ အမျိုးသမီးတွေကို အဆင့်မြင့်ပညာဆက်လက်သင်ယူခွင့် ရပ်ဆိုင်းဖို့ ကြေညာခဲ့တာပါ။

ဒီအမိန့်က စစ်မှန်ကြောင်းကိုလည်း ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇီယာအူလာ ဟာရှီမီက အတည်ပြုခဲ့ပါတယ်။

အမျိုးသမီးတွေကို တက္ကသိုလ်တက်ဖို့ ပိတ်ပင်ခဲ့တာနဲ့ပက်သက်ပြီး ဆန္ဒပြတဲ့သူတွေကို တာလီဘန်များက ရိုက်နှက်ခဲ့ပြီး အမျိုးသမီး ၅ ဦးနှင့် သတင်းထောက် ၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ တာလီဘန်တွေ အာဏာရယူခဲ့ပြီးနောက်ပိုင်း တက္ကသိုလ်တွေမှာ ကျား၊ မ သီးသန့်စာသင်ခန်းတွေ၊ ဝင်ပေါက်တွေ လုပ်ခဲ့ပြီး ကျောင်းသူတွေကို အသက်ကြီးပိုင်းဆရာတွေ၊ ဆရာမတွေကပဲ သင်ကြားပေးခွင့်ရှိတယ်လို့ သတ်မှတ်ခဲ့တာပါ။

အမျိုးသမီးတွေကို တက္ကသိုလ်တက်ခွင့် ပိတ်ပင်လိုက်တဲ့ တာလီဘန်တွေရဲ့ တရားမျှတမှု မရှိတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ကတော့ ရှုတ်ချထားပါတယ်။

Ref: BBC

………………………………..

ပီရူးသမ္မတဟောင်းရဲ့မိသားစု မက္ကဆီကိုမှာ နိုင်ငံရေးခိုလှုံခွင့်ရ

ပီရူးနိုင်ငံရဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သမ္မတဟောင်း ပီဒရို ကတ်စတီလိုရဲ့ ဇနီးနဲ့မိသားစုဟာ ဒီဇင်ဘာ ၂၀ ရက်က မက္ကဆီကိုနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ကတ်စတီလိုရဲ့ဇနီး လီလီယာ ပါရာဒက်စ်နဲ့အတူ သား၊သမီးတို့ကို မက္ကဆီကိုရွှေ့ပြောင်းနေထိုင်ရေးအာဏာပိုင်တွေက ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ စာရွက်စာတမ်းတွေ လွှဲပြောင်းပေးခဲ့ပါတယ်။

နိုင်ငံရေးခိုလှုံခွင့်ရရှိမယ့် ကတ်စတီလိုရဲ့ မိသားစုကို မက္ကဆီကိုနိုင်ငံက ကြိုဆိုပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးအကဲတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပီရူးပြည်တွင်းရေးကို မက္ကဆီကိုနိုင်ငံကနေ ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုပြီး မက္ကဆီကိုသံအမတ်ကို နှင်ထုတ်လိုက်ပေမဲ့ မက္ကဆီကိုသမ္မတကတော့ ပီရူးနဲ့ သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: The Wall Street Journal

………………………………..

ပြင်သစ်မှာ ကမ္ဘာစစ်သုံး အမြောက်ကျည်ဆန် စအိုထဲဝင်လို့ ဆေးရုံလာပြရာမှ လူနာတွေအရေးပေါ်ပြောင်းရွှေ့ခဲ့ရ

ပထမကမ္ဘာစစ်သုံး အမြောက်ကျည်ဆန်တစ်ခု စအိုထဲဝင်သွားခဲ့လို့ ဆေးရုံလာပြတဲ့ အမျိုးသားတစ်ဦးကြောင့် ပြင်သစ်တောင်ပိုင်း တူလွန်မြို့က စန့်မူ့စ်ဆေးရုံမှာရှိတဲ့ အရေးပေါ်လူကြီးနဲ့ ကလေးလူနာတွေ နောက်ထပ်အရေးပေါ်လူနာတွေကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ အသက် ၈၈ နှစ်အရွယ် ပြင်သစ်သက်ကြီးပိုင်းတစ်ဦးက အာသာဖြေဖို့ စအိုထဲထည့်သွင်းခဲ့ရာမှ အရေးပေါ်အခြေအနေဖြစ်ခဲ့လို့ ဒီဇင်ဘာလ ၁၇ ရက် က ဆေးရုံလာပြခဲ့တာပါ။

အမြောက်ကျည်ဆန်က အချိန်မရွေး ထပေါက်ကွဲမှာကို ဆေးရုံတာဝန်ရှိသူတွေက စိုးရိမ်ကြောက်လန့်ခဲ့ကြလို့ ဗုံးရှင်းလင်းရေးအဖွဲ့ကိုပါ အကူညီတောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဗုံးရှင်းလင်းရေးအဖွဲ့ကလည်း လူနာခန္ဓာကိုယ်ထဲက ကျည်ဆံဟာ ပေါက်ကွဲနိုင်ခြေမှာ အနည်းငယ်ပဲ့ရှိလို့ ဆရာဝန်တွေ မစိုးရိမ်ဘဲ ခွဲစိတ်ဖယ်ရှားဖို့ ပြောကြားခဲ့သည်။

ထိုကျည်ဆန်ကိုစစ်ဆေးခဲ့ရာ ၁၉၀၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ ပြင်သစ်စစ်တပ်က အသုံးပြုလေ့ရှိတဲ့ ကျည်ဆန်ဖြစ်နေပြီး အရှည် ၈ လက်မနဲ့ အကျယ် ၂ လက်မခန့်ရှိကြောင်း သိရပါတယ်။

Ref: Daily Mail

………………………………..

အမေရိကန်မှာ အင်အား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းမှာ ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

ထိုငလျင်ကြောင့် နေအိမ်တွေနဲ့ လမ်းတွေ ပျက်စီးပြိုကျခဲ့ကာ ထောင်နဲ့ ချီတဲ့ ဒေသခံတွေက ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

ငလျင်ကြောင့် လူတစ်ဒါဇင်ထက်မနည်း ဒဏ်ရာရခဲ့ပြီး နှစ်ဦးကတော့ ငလျင်လှုပ်ခတ်မှုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်က ပစိဖိတ်ကမ်းလွန်မှာရှိတဲ့ Fortuna မြို့ငယ်လေးရဲ့ မြောက်ဘက် ၁၅ မိုင် အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: CNN

………………………………..

ရုရှားသို့ သံအမတ်ပြန်လည်စေလွှတ်ဖို့ အမေရိကန်အတည်ပြု

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် သုံးလကြာ လစ်ဟာသွားတဲ့ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်နေရာကို ပြန်လည်ခန့်အပ်ဖို့ အမေရိကန် အထက်လွှတ်တော်က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

လက်ရှိ အာမေးနီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ လင်းထရေစီကို အထက်လွှတ်တော်က ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂ မဲ နဲ့အတည်ပြုခဲ့တာပါ။

ထရေစီဟာ အရင်က ရုရှားသံရုံးမှာ ဒုတိယ အကြီးအကဲအနေနဲ့ တာဝန်ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါတယ်။

စစ်ပွဲကို ပူတင်က ရှေ့ဆက်တိုးနေချိန်မှာတောင် အမေရိကန်ကတော့ မော်စကိုမှာ ငါတို့ကို ကိုယ်စားပြုပေးနိုင်မယ့် သံအမတ်ကြီးတစ်ယောက် လိုအပ်နေသေးတယ်လို့ အထက်လွှတ်တော်အမတ်တစ်ဦးက ဆိုထားပါတယ်။

ထရေစီက ဂျော်ဂျီယာ၊ ကာဇက်စတန်၊ ကာဂျစ်စတန်နဲ့ တာ့မင်နစ္စတန်တို့လို့ နိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ပါကစ္စတန်မှာ တာဝန်ထမ်းဆောင်တုန်းက သေနတ်သမား တိုက်ခိုက်ခဲ့မှုကနေ လွတ်မြောက်လာသူလည်း ဖြစ်ပါတယ်။

Ref: CNA

………………………………..

မလေးရှားရေကြီးမှုကြောင့် လူ ခုနှစ်သောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် မလေးရှားနိုင်ငံရှိ မြို့တွေမှာ ရွှံ့ရေတွေ နစ်မြုပ်နေခဲ့လို့ လူပေါင်း ၇၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်တွေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

ယခုတစ်ပတ်ထဲ ပြည်နယ်ငါးခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေခဲ့ပြီး လူ ၅ ဦးထက်မနည်းသေဆုံးခဲ့ကာ နေအိမ်စွန့်ခွာ ရှောင်တိမ်းရသူ အရေအတွက်လည်း တိုးလာနေခဲ့တယ်လို သိရပါတယ်။

အာဏာပိုင်တွေကတော့ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးစခန်းတွေ ပြုလုပ်ပေးထားတာပါ။

ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရကြောင်းနဲ့ နောက်ထပ်ရေကြီးရေလျှံမှုတွေ ထပ်ဖြစ်လာနိုင်သေးတယ်လို့ သတိပေးထားပါသေးတယ်။

Ref: CNA

………………………………..

ထိုင်းပင်လယ်ကွေ့မှာ စစ်သင်္ဘောနစ်မြုပ်၊ ၆ ဦးသေဆုံးပြီး ၂၃ ဦးပျောက်ဆုံးနေဆဲဖြစ်

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်အနောက်ပိုင်း ထိုင်းပင်လယ်ကွေ့မှာ ရေတပ်သား ၁၀၀ ကျော်ပါသော စစ်သင်္ဘောတစ်စီးဟာ ဒီဇင်ဘာလ ၁၈ ရက် ညပိုင်းတွင် နစ်မြုပ်ခဲ့ပြီး ရေတပ်သား ၃၁ ဦး ပင်လယ်ထဲ ပျောက်ဆုံးသွားခဲ့ကြောင်း ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

ပင်လယ်ထဲနစ်မြုပ်သွားတဲ့ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်နေခဲ့ရာ ရေတပ်သား ၆ ဦးရဲ့ အလောင်းကို တွေ့ရှိထားခဲ့ပြီး ၂၃ ဦးကတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်နေ့က ရေတပ်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ပင်လယ်ပြင်တွင် ကင်းလှည့်စစ်ရေးလေ့ကျင့်နေရင်း မုန်တိုင်းကြောင့် လှိုင်းကြီးလေထန်ခဲ့ကာ စက်ခန်းအတွင်းရေဝင်ပြီး စက်ယန္တယားတွေအကုန် ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

အသက်ကယ်အင်္ကျီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းရာမှာ အသက်ဘေးမှ ပြန်လွတ်လာသူတွေထဲမှာ အသက်ကယ်အင်္ကျီဝတ်မထားတဲ့သူတွေပါနေလို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောကြားထားပါတယ်။

Ref: Bangkok Post

………………………………..

အစ္စရေးအစိုးရအသစ်ဖွဲ့စည်းဖို့ သဘောတူညီချက်ရ

မဟာမိတ်တွေနဲ့ အကျေအလည် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် အစိုးရသစ်တရပ် ပေါ်ပေါက်လာဖို့ သဘောတူညီချက်ရပြီလို့ အစ္စရေးနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်သူ နေတန်ယာဟု က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

အစ္စရေးသမ္မတ အိုင်းဇက် ဟာဇော့နဲ့ နေတန်ယာဟု တို့ဖုန်းခေါ်ဆိုမှုအတွင်း အစိုးရသစ် ဖွဲ့စည်းရေးအတွက် သူတို့နှစ်ဦးကြား အတည်ပြုတဲ့ ဗွီဒီယိုရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဆယ်စုနှစ်တခုကျော်အတွင်း အနောက်ဘက်ကမ်းဒေသက အဆိုးရွားဆုံး အကြမ်းဖက်မှုတွေကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ နေတန်ယာဟု အစိုးရသစ်အဖွဲ့ဟာ အာဏာရယူနိုင်တော့မှာဖြစ်ပါတယ်။

ဒီပဋိပက္ခကြောင့် ပါလက်စတိုင်းလူမျိုး ၁၅၀ ကျော်နဲ့ အစ္စရေးလူမျိုး ၂၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။

Ref: Aljazeera

………………………………..

ကမ္ဘာ့အကြီးဆုံး စလင်ဒါပုံ ငါးကန် ကွဲထွက်

ဂျာမနီနိုင်ငံ ဘာလင်မြို့ ရာဒစ်ဆန်ဘလူးဟိုတယ် ခန်းမဆောင်က ဧရာမငါးကန်ကြီး ကွဲထွက်သွားလို့ ဟိုတယ်တစ်ခုလုံးရော၊ အနီးတစ်ဝိုက် လမ်းတွေပါ ရေဖုံးလွှမ်းခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၆ ရက် နံနက် ၅ နာရီ ၅၀ မိနစ်အချိန်မှာ ငါးကန် ကွဲထွက်သွားတာဖြစ်ပြီး မှန်ချပ်တွေနဲ့ ထိခိုက်မိလို့ လူနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ညဉ့်သန်းခေါင်ယံအချိန်မှာ အနုတ် ၆ ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းခဲ့တဲ့ အပူချိန်ကြောင့် ငါးကန် ကွဲအက်ခဲ့တာဖြစ်မယ်ဆိုတဲ့ ယူဆထားကြပါတယ်။

ငါးအကောင်ရေ ၁၅၀၀ ရှိပြီး အမြင့် ၅၂ ပေ မြင့်တဲ့ AquaDom ငါးကန်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ထောင်မတ်ထားတဲ့ စလင်ဒါပုံငါးကန်လို့ ဆိုကြပါတယ်။

ရေလီတာ ၁ သန်းဝင်ဆံ့တဲ့ AquaDom ငါးကန်ကို ပေါင် ၁၁ ဒသမ ၂ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စလင်ဒါပုံငါးကန်အဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။

Ref: BBC

………………………………..

ပါရာဂွေးရှေ့နေ အသတ်ခံရမှုနဲ့ ဗင်နီဇွဲလားနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

ပါရာဂွေးအစိုးရရှေ့နေ မာဆဲလို ပက်ချီ အသတ်ခံရမှုမှာ ပါဝင်ပတ်သက်နေတဲ့ ဗင်နီဇွဲလား နိုင်ငံသားတဦးကို ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဗင်နီဇွဲလားအတွင်းဝန်က ပြောပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗင်နီဇွဲလားနိုင်ငံသား ဆာလီနာ ကို ဗင်နီဇွဲလားမြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တယ်လို့ အတွင်းဝန်က ပြောခဲ့တာပါ။

ဆာလီနာဟာ ပက်ချီအား ပစ်သတ်ခဲ့သူကို သယ်ယူပို့ဆောင်ပေးခဲ့တာကြောင့် ပူးတွဲကျူးလွန်သူအဖြစ် တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားထားပါတယ်။

အသက် ၄၅ နှစ်အရွယ် ရှေ့နေ ပက်ချီဟာ ဇနီးဖြစ်သူနဲ့ ဟန်းနီးမွန်းခရီးထွက်နေချိန် မေလက ကာရေဘီယံမြို့ ကာတာဟရ်နာအနီး ဘာရူကျွန်းမှာ ပစ်သတ်ခံခဲ့ရတာပါ။

ပါရာဂွေးမှာ ဂိုဏ်းဖွဲ့ကျူးလွန်ကြတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်သူအဖြစ် လူသိများတဲ့ ပက်ချီ အသတ်ခံရမှုအတွက် လူ ၄ ဦးကို ထောင်ဒဏ် ၂၃ နှစ်ကျော် ချမှတ်ထားပါတယ်။

Ref: REUTERS

………………………………..