လောင်းလုံးက ပျူစောထီး ဒုခေါင်းဆောင်၏ သမီးနှင့်မြေးနှစ်ဦး ပျောက်ဆုံးနေ

0
3245

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက ပျူစောထီး ဒုခေါင်းဆောင် ဦးစိုးသန်း၏ သမီးနှင့် မြေးနှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံများထံမှသိရသည်။

ပျောက်ဆုံးနေသူများမှာ ပျူစောထီး ဒုခေါင်းဆောင်ဆိုသူ၏ သမီးဖြစ်သူ မချိုလွင်ဦး အပါအဝင်  မြေးဖြစ်သူ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၁၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု ဒေသခံများကဆိုသည်။

လွန်ခဲ့သည့် လေးရက်ခန့်က ထားဝယ်မြို့သို့ ကင်းမွန် တက်ရောင်းစဉ် လောင်းလုံးမြို့ လမ်းပိုင်းတစ်နေရာအရောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်းသိရသည်။

၎င်းတို့သုံးဦးနှင့်အတူ vigo အမျိုးစား မော်တော်ယာဥ်ပါ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“သူတို့က မြင်းခွာအော်ဘက်မှာ ကင်းမွန် အဝယ်ဒိုင်ဖွင့်ထားပြီး ထားဝယ်မြို့မှာ ပြန်ရောင်းကြတယ်။  ကင်းမွန်သွားရောင်းတာ ပြန်မလာတာ တစ်ပတ်လောက်ရှိပြီ ကားပါ ပျောက်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမိသားစုဝင်သုံးဦးကို မည်သည့်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မသိရသေးဟု ဒေသခံများက ပြောသည်။

ဦးစိုးသန်း ဆိုသူမှာ ကျောက်နီမော် ပျူ‌စောထီးအဖွဲ့၏ ဒုတိယခေါင်းဆောင်းတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်ရေးမြို့ဇာတိဖြစ်ကာ ရွေးကောက်ပွဲအကြိုကာလ တစ်လျှောက်တွင် ကြံခိုင်ရေးပါတီဘက်မှ ထောက်ခံဝန်းရံသူဖြစ်သည်ဟု ဒေသခံများကပြောသည်။

“အခုဖမ်းခံရတဲ့ ကလေးတွေက သူအဖိုးနဲ့တစ်ခြားစီပဲ အာဏာသိမ်းပြီး စကတောင် ဆန္ဒပြပွဲတွေ တစ်လျှောက်လုံး လိုက်ပါနေသူတွေ ဖြစ်တယ်”ဟု နောက် ဒေသခံတစ်ဦးကဆိုသည်။

ပျောက်ဆုံးနေသူ အထက်ပါမိသားစုဝင်သုံးဦးမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းအထိ နေအိမ် ပြန်ရောက်လာခဲ့ခြင်း မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ မိသားစုဝင်သုံးဦး ပျောက်ဆုံးပြီးနောက် ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးပူပေါင်းအဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် လောင်းလုံးမြို့ အနောက်တောင်ကြောများတွင် စစ်ကြောင်းထိုးရှာဖွေနေသည်။

ဒီဇင်ဘာ ၂၂ ရက်ညနေပိုင်းကစပြီး လောင်းလုံးမြို့သို့ အင်အားအလုံးအရင်းဖြင့် ထပ်မံရောက်ရှိလာရာ ညတွင်းခြင်း ဒေသခံခြောက်ဦးကို ဖမ်းဆီးထားခဲ့သည်။

ထိုနောက် ဒီဇင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီနှင့် ပူပေါင်းတပ်ဖွဲ့သည် လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြား လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ယင်းနောက် ညင်းမော်ရွာ ထဲတွင် စစ်ကြောင်းထိုးပိတ်ဆို စစ်ဆေးလျက်ရှိရာ ယနေ့ ညနေ လေးနာရီအထိ  ယင်းကျေးရွာသား လူငယ်အမျိုးသားနှစ်ဦး သေနတ်ပစ်ခံထားရပြီး ဒေသခံနှင့် လမ်းသွားလမ်းလာ ခရီးသွားပြည်သူ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။