တနင်္သာရီတိုင်းတွင် အိမ်ထောင်စုစာရင်း ကွင်းဆင်းကောက်ယူရန် စစ်ကောင်စီစတင်လုပ်ဆောင်

0
2882
ဒီဇင်ဘာလ ၂၀ ရက်က ကော့သောင်းမြို့တွင်ပြုလုပ်သည့် ကွင်းဆင်းစာရင်းကောက်ရန်သင်တန်းပို့ချနေစဉ်

တိုက်ပွဲများ၊ ပေါက်ကွဲမှုများ၊ ဒလန်ရှင်းလင်းရေးများ အပါအဝင် ပဋိပက္ခဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသည့် တနင်္သာရီတိုင်းတွင် အိမ်ထောင်စုစာရင်း ကွင်းဆင်းကောက်ယူရန်အတွက် စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ကွန်ပျူတာအတွင်း ရိုက်သွင်းထားပြီးဖြစ်သည့် အိမ်ထောင်စုစာရင်းများကို ‌မှန်ကန်မှုရှိ၊မရှိ သိရှိနိုင်ရန် ကွင်းဆင်းကောက်ယူခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။

“အိမ်ထောင်စု စာရင်းတွေကို ကွန်ပျူတာဆော့ဖ်ဝဲလ်ထဲ ရိုက်ထည့်ပြီးသားတွေရှိတယ်။ အဲဒီစာရင်းက မြေပြင်မှာ တကယ်ထုတ်ပေးထားတာမှန်လား၊ မမှန်ဘူးလား။ ပြောင်းသွားတာတွေ၊ သေဆုံးတာတွေ၊ မွေးဖွားပြီးတိုးလာတာတွေ အဲဒါတွေကို အကုန်စစ်မှာ” ဟု ၎င်းကဆိုသည်။

ယင်းစာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ ၂၃ ရက်အတွင်း အပြီးကောက်မည်ဖြစ်ပြီး စာရင်များကို ဖေဖော်ဝါရီလအတွင်း စိစစ်ပြီးစီးရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်းရှိ ဒေသအချို့ကို KNU တပ်မဟာ ၄ က ထိန်းချုပ်ထားပြီး၊ အချို့နေရာများကို PDF အဖွဲ့များက ထိန်းချုပ်ကာ လမ်းခရီး စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။

တနင်္သာရီတိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲများ၊ မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။

အိမ်ထောင်စုစာရင်း ကောက်ရာတွင် တိုက်ပွဲဖြစ်ပွားရာ နေရာများကဲ့သို့ လုံခြုံရေး စိတ်မချရသည့်နေရာများကို ချန်ထားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ တိုင်းပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

ကျန်နေရာများအားလုံးကိုမူ တစ်အိမ်တက်ဆင်း စာရင်းလိုက်လံကောက်ယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လုံခြုံရေးအရ စိတ်မချရတဲ့နေရာတွေကိုတော့ နောက်မှလုပ်မှာ” ဟု ၎င်းကဆိုသည်။

လက်ရှိဖြစ်ပွားနေသည့် စစ်ရေးအခြေအနေအရ တနင်္သာရီတိုင်း နေရာအများစုတွင် စာရင်းကောက်နိုင်မည် မဟုတ်ကြောင်း ဆန္ဒပြသပိတ်အဖွဲ့တွင် ပါဝင်သူအချို့ကဆိုသည်။

“စစ်ကောင်စီအနေနဲ့က မြို့ထဲကထွက်တာနဲ့ကို မိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့ အနေအထားလေ။ သူတို့လုပ်နိုင်တာက ထားဝယ်လို၊ မြိတ်လို ကော့သောင်းလို မြို့ကြီးတွေမှာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျန်နေရာတွေမှာတော့ မလွယ်ဘူး။ စစ်အင်အား အလွန်အကျွံသုံးပြီး အတင်းလိုက်ကောက်တာမျိုးဆိုရင်တော့ မပြောတတ်ဘူး။ အဲလိုမျိုးပုံစံလည်း လုပ်လာနိုင်တယ်” ဟု သပိတ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိတွင်မူ မြေပြင်ကွင်းဆင်းကောက်မည့်သူများကို တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် သင်တန်းပို့ချပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်တွင်လည်း ဇန်နဝါရီ ၉ ရက်နေ့မှစကာ ၂၅ ရက်အတွင်း အိမ်ထောင်စုစာရင်း အပြီးကောက်မည်ဟု ကြေညာထားသည်။

စစ်ကောင်စီက လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် စီစဉ်နေသည်ဆိုသော သတင်းများထွက်ပေါ်နေရာ ယခုကဲ့သို့ အိမ်ထောင်စုစာရင်းများ ကောက်ယူနေခြင်းမှာ ရွေးကောက်ပွဲအတွက် ဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်းရှိသည်။