စစ်ကောင်စီက ဖမ်းထားသည့် လောင်းလုံးမြို့ခံ ခြောက်ဦး ပြန်မလွတ်သေး

0
2945

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် လောင်းလုံးမြို့ပေါ်ရပ်ကွက်နေ ပြည်သူခြောက်ဦးမှာ ယနေ့(ဒီဇင်ဘာလ ၂၃ ရက်) အထိ ပြန်မလွတ်သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်ညက လောင်းလုံးမြို့နေ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

လောင်းလုံးမြို့နေ ဒေါ်ရင်နွယ်၊ ဒေါ်ကျင်သန်း၊ ဒေါ်အေးသန်း၊ မမီးထွေး၊ မလင်းဇာခြည်၊ ဦးဖေသန်းနှင့် ဦးအောင်အောင်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံအချို့ကမူ အဖမ်းခံရသည့် အမျိုးသမီး ၅ ဦးဖြစ်ကြောင်း ပြောဆိုကြသော်လည်း အတည်ပြုနိုင်သည်မှာ ၄ ဦးသာရှိပြီး မလင်းဇာခြည် အဖမ်းခံရခြင်းရှိမရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် ၎င်းတို့ကို လောင်းလုံးမြို့မရဲစခန်းအတွင်းချုပ်နှောင်ထားပြီး ဒီဇင်ဘာလ ၂၃ ရက် နေ့လယ် ၁၂ နာရီအထိ ပြန်မလွတ်သေးကြောင်း ဒေသခံအချို့က ဆိုသည်။

၎င်းတို့ကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရကြောင်း ဒေသခံအချို့က ပြောသည်။

အမျိုးသားဖြစ်သူကို လာဖမ်းချိန်တွင် အဖမ်းမခံဘဲထွက်ပြေးသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်သွားသဖြင့် ဇနီးဖြစ်သူ မမီးထွေးကို ဖမ်းဆီးသွားကြောင်း လောင်းလုံးမြို့ခံတစ်ဦးက ဆိုသည်။

“ဒီနေ့မနက်မှာတော့ မမီးထွေး ပြန်လွတ်လာပြီလို့လည်း ပြောနေတယ်။ သေသေချာချာတော့ မသိသေးဘူး”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက် နံနက်ကလည်း လောင်းလုံးမြို့နယ်အတွင်းရှိ တောင်မိုးတောင် တောင်ကြောကို အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ စစ်ကြောင်းထိုးကာ တောနင်းရှာဖွေခဲ့သည်။

ထိုသို့ တောနင်းရှာဖွေပြီးနောက် အထက်ပါလောင်းလုံးဒေသခံများ အဖမ်းခံရခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၂၃ ရက် နံနက်ကလည်း လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြားတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကားနှစ်စီး မိုင်းဆွဲခံရပြီးနောက် ညင်းမော်ရွာအနောက်ဘက် ဆီအုန်းတောတွင် စုဖွဲ့ပြီး တောနင်းရှာဖွေနေသည်။

ထိုနောက် ဆီအုန်းတောအစပ်တွင် နွားကျောင်းနေသည့် ညင်းမော်ရွာသားတစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သည်။