ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရန်ပါရှိသည့် မြန်မာ့အရေး ဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ သဘောတူဆုံးဖြတ်

0
3813
ဓာတ်ပုံ - EPA

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန် လွှတ်ပေးရန် စစ်ကောင်စီအား တိုက်တွန်းထားသည့် မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူဆုံးဖြတ် အတည်ပြုလိုက်ပြီဖြစ်သည်။

မြန်မာပြည်တွင်းက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှုနှင့် နိုင်ငံရေးအကျဥ်းသားများ အားလုံးကို လွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုထားသည့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာလ ၂၁ ရက်က ကုလလုံခြုံရေးကောင်စီတွင် မဲပေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ဒါဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ ဒေသတွင်းက အခြားအရေးကြီးတဲ့နိုင်ငံတွေနဲ့ ဆွေးနွေးသုံးသပ်ပြီးမှ ဖြစ်ပေါ်လာတာ”ဟု ကုလသမဂ္ဂဆိုင်ရာယူကေနိုင်ငံ သံအမတ်ကြီးက ပြောဆိုကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးကောင်စီ၏ ယင်းဆုံးဖြတ်ချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အာဆီယံနှင့်ရထားသည့် သဘောတူညီချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ မြန်မာပြည်သူများ၏မဲဆန္ဒကို လေးစားလိုက်နာရန်၊ လူ့အခွင့်အရေးနှင့် တာဝန်ခံမှု စံနှုန်းများကို လိုက်နာရန်၊ လူသားချင်းစာနာမှု အကူအညီများကို အကန့်အသတ်မရှိ ခွင့်ပြုပေးရန်နှင့် မတရားဖမ်းဆီး ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန် ဆိုသည့် အချက်များပါဝင်ကြောင်း ယင်းသတင်းကဆိုသည်။

ယင်းဆုံးဖြတ်ချက်မူကြမ်းတွင် စစ်ကောင်စီကို အရေးယူဆောင်ရွက်မှု ပြင်းပြင်းထန်ထန်လုပ်ဆောင် နိုင်ချေရှိသည့် အချက်များလည်းပါဝင်ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။

ယင်းသဘောတူညီချက်ကို တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့က မဲမပေးဘဲ လက်ရှောင်ခဲ့ကြပြီး လုံခြုံရေးကောင်စီ၏ ကျန်အဖွဲ့ဝင် နိုင်ငံအားလုံးက ထောက်ခံ သဘောတူခဲ့ကြသည်။

ယင်းတိုက်တွန်းချက်မူကြမ်းကို ဗြိတိန်နိုင်ငံကအဓိက တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့ရာတွင် တရုတ်၊ ရုရှား နှင့် အိန္ဒိယ ၃ နိုင်ငံက မဲမပေးဘဲနေခဲ့ခြင်းဖြစ်သည်။

အစိုးရသက်တမ်းအသစ် မစတင်မီ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အသက် ၇၇ နှစ် ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ ခုဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် အမှု ၁၁ မှုအတွက် ထောင်ဒဏ် ၂၀ နှစ်အထိကျခံစေရန် စစ်ကောင်စီတရားရုံးက အမိန့်ချထားခဲ့သည်။

ယင်းအာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်မှုများ ဖြစ်ပေါ်လာပြီး နိုင်ငံအနှံ့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။