ကုလလုံခြုံရေး‌ကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း NUG ထုတ်ပြန်

0
3638

မြန်မာ့အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ခြင်းအပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းအဆိုမူကြမ်းအားပြုစုသည့် လုပ်ငန်းစဉ်၌ ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုရာတွင်လည်း ထောက်ခံပေးသည့် ဗြိတိန်နိုင်ငံနှင့် အခြား ထောက်ခံသည့် နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို ထောက်ခံကြောင်းနှင့် ဤဆုံးဖြတ်ချက်အဆိုပါ အချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

ကုလသမဂ္ဂဌာနများတွင် အမြင့်ဆုံးဆုံးဖြတ်ချက် ချမှတ်နိုင်သည့်ဌာနဟု ဆိုနိုင်သော ကုလလုံခြုံရေးကောင်စီအနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းမှာ ၇၄ နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပထမဦးဆုံးချမှတ်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောဆိုသည်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရင်က လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံတို့မှာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ဘူးပါတယ်။ လုံခြုံရေးကောင်စီမှာလည်း ကြေညာချက် (Statement) တွေ ထုတ်ပြန်ခဲ့ဘူးပါတယ်။ အခုထုတ်ပြန်ခဲ့တာကတော့ ကောင်စီဆုံးဖြတ်ချက် (resolution) အဆင့်ဖြစ်ပါတယ်။ လေးစားလိုက်နာဖို့လိုအပ်တဲ့အဆင့်ပါ” ဟု ၎င်းကဆိုသည်။

ကုလလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကို ယင်းသို့ဆုံးဖြတ်ချက် ချလိုက်နိုင်ခြင်းမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲမှ မည်သည့်နိုင်ငံကမျှ ဗီတိုအာဏာသုံးပြီး ကန့်ကွက်ခြင်းမရှိသလို ထောက်ခံသူ ၁၂ နိုင်ငံ၊ ကြားနေ ၃ နိုင်ငံသာရှိခဲ့ခြင်းဖြစ်သည်။

ထူးခြားချက်မှာ ယင်းအစည်းအဝေးမစတင်ခင်က နိုင်ငံ‌ရေးလေ့လာသူ အများစု သုံးသပ်ထားသလို တရုတ်နှင့် ရုရှားနိုင်ငံတို့က မကန့်ကွက်ဘဲ အိန္ဒိယနိုင်ငံနှင့်အတူ ကြားနေမဲပေးခဲ့ခြင်းဖြစ်သည်။

“အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ မြန်မာ့အရေးကို ပြည်တွင်းရေးဖြစ်တယ်ဆိုပြီး မျက်နှာလွှဲလက်ရှောင်နေတဲ့ ကုလသမဂ္ဂဝင်နိုင်ငံတွေကို တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ မြန်မာ့အရေးဟာ ကမ္ဘာမှာမအေးသေးဘူးဆိုပြီး မြန်မာပြည်သူတွေကို အားပေးလိုက်တဲ့လုပ်ဆောင်ချက်တခုဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းကဆိုသည်။

လုံခြုံရေးကောင်စီ၏ ယင်းဆုံးဖြတ်ချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အာဆီယံနှင့်ရထားသည့် သဘောတူညီချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ မြန်မာပြည်သူများ၏မဲဆန္ဒကို လေးစားလိုက်နာရန်၊ လူ့အခွင့်အရေးနှင့် တာဝန်ခံမှု စံနှုန်းများကို လိုက်နာရန်၊ လူသားချင်းစာနာမှု အကူအညီများကို အကန့်အသတ်မရှိ ခွင့်ပြုပေးရန်နှင့် မတရားဖမ်းဆီး ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန် ဆိုသည့် အချက်များပါဝင်သည်။