ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
2957

မွန်ပြည်နယ်၊ ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။

အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က အမှတ် (၂) အလကကျောင်းရှေ့တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟုလည်း မြို့ခံတို့က ပြောသည်။

”အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးက အရင်ကလည်း ပစ်ခတ်ခံရတာရှိတယ်၊ ဘာမှမဖြစ်ဘူးပေါ့ ဒီတစ်ခါကတော့ ပွဲချင်းပြီးဖြစ်သွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ကို ရာမညပြောက်ကျားတပ်ဖွဲ့ (R.G.F) က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးကျော်အောင်သည် စစ်ကောင်စီနှင့် ပူပေါင်းပြီး ပြည်သူများအပေါ် အကြမ်းဖက်ခြင်း ငွေညှစ်ခြင်းများအပြင် စစ်ကောင်စီထံ မဟုတ်မမှန်သတင်းများပေးပို့ပြီး ပြည်သူများကို မတရားဖမ်းဆီးမှုများ အဆက်မပြတ်ပြုလုပ်ကျူးလွန်နေသည့်အတွက် ယခုလို ရှင်းလင်းခဲ့သည်ဟုလည်း ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တို့၏ ပစ်ခတ်သတိပေးမှု မကြာခဏ ခံရလေ့ရှိသည်။

ရေးမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီသတင်းပေးဟုဆိုသူများကို ဒေသတွင်း လှုပ်ရှားနေသည့် တပ်ဖွဲ့များက မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

စစ်ကောင်စီသတင်းပေးများကို ဆက်လက်ရှင်းလင်းမည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။