ကော့သောင်းမှ ရနောင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ

0
3111

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၁ ဦးနှင့် ကလေးတစ်ဦးအပါအဝင် ဗီဇာသက်တမ်းကုန်နေသော မြန်မာအလုပ်သမားလေးဦးတို့ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။

မြန်မာအလုပ်သမားများသည် ကော့သောင်းမြို့မှတဆင့် ရနောင်းခရိုင် ကရဘူရီဒေသအတွင်းသို့ လှေဖြင့် မြစ်ကို ဖြတ် ၍ ကားထပ်စီး တရားမဝင် ဝင်ရောက်လာသည့် သတင်းအရသွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သွားရောက်စစ်ဆေးရာတွင် ကား၏အနောက်ပိုင်းကို အပြာရောင်ကင်းဗက်ပိုင်းဖြင့် ဖုံးထားသော ပစ်ကပ်ကား တစ်စီး နှင့် မော်တော်ဆိုင်ကယ်တစ်စီး မောင်းနှင်ထွက်ပြေးသဖြင့် နောက်မှလိုက်ရာ ဒူးရင်းခြံအတွင်းရှိ အိမ်တစ်အိမ်ရှေ့တွင် ရပ်တန့်ထားခဲ့ကြောင်း ဖော်ပြထားသည်။

ပစ်ကပ်ကားသမားမှာ ကားကိုစွန့်ပစ်ကာ အမှောင်ထဲ ထွက်ပြေးသွားခဲ့ပြီး ကားပေါ်တွင် အသက် ၂၁ နှစ်မှ ၄၁ နှစ် ကြားရှိ မြန်မာအလုပ်သမား အမျိုးသားရှစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၁ဦးတို့ကို ဖမ်ဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများကို မေးမြန်းရာတွင် ၎င်းတို့သည် ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လာရောက်ခဲ့ကြပြီး လှေဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကာ ခြေလျင်လျှောက်ခဲ့ပြီးနောက် ပစ်ကပ်ကားဖြင့် လိုက်ပါလာခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၅၀၀၀ (သိန်း ၂၀ ကျော်) ကုန်ကျမည်ဖြစ်ပြီး အားလုံးသည် ပထုန်ဌာနီခရိုင်တွင် အလုပ်လုပ်ကိုင်ရန် လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းနေ့တွင်ပင် ကရဘူရီ-ချုံဖွန် လိမ္မော်ရောင်လိုင်းကားပေါ်တွင် ခရီးသွားအထောက်အထားနှင့် ဗီဇာသက်တမ်း ကုန်နေသော ကလေးငယ်တစ်ဦးအပါအဝင် မြန်မာနိုင်ငံသား လေးဦးကို ထပ်မံဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိခဲ့သော မြန်မာအလုပ်သမား ၁၅ ဦးနှင့် ကူညီပေးသူများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ကရဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။