ဘန်ကောက်၌ ခြောက်လကြာပျောက်နေသည့် မြန်မာအမျိုးသမီးဟုယူဆရသောအလောင်း ရေတိုင်ကီထဲတွင်တွေ့

0
3483

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လွန်ခဲ့သော ၆ လခန့်က ပျောက်ဆုံးနေခဲ့သော မြန်မာအမျိုးသမီးဟု ယူဆရသော ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၉ ရက်က အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်ရှိ ရေတိုင်ကီထဲတွင် တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အလောင်းတွင် တွေ့ရှိရသော အင်္ကျီ၊ ဘောင်းဘီနှင့် စောင်တို့သည် အစ်မဖြစ်သူ ဝတ်ဆင်အသုံးပြုခဲ့သော ပစ္စည်းများ ဖြစ်နေသည်ဟု မြန်မာအမျိုးသမီး၏ ညီမဖြစ်သူက ရဲတပ်ဖွဲ့သို့ အတည်ပြုပြောဆိုကြောင်း ရေးသားထားသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ ရမ်ခမ်ဟေ အမှတ် (၁) လမ်းရှိ လေးထပ်အဆောက်အအုံကို ပြင်ဆင်ရန် လာသော အလုပ်သမားများက အဆောက်အအုံခေါင်မိုးထပ် ရေတိုင်ကီထဲတွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

စတင်တွေ့ရှိချိန်တွင် အလောင်းသည် အပုပ်နံ့ထွက်၍ လုံးဝပျက်စီးနေပြီး အရိုးမျှသာကျန်နေခဲ့သဖြင့် ကျား၊ မ ပင် မခွဲခြားနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

မှုခင်းဆရာဝန်များက အလောင်းမှာ လွန်ခဲ့သော ၆ လခန့်က သေဆုံးခဲ့ခြင်းဖြစ်နိုင်သည်ဟု ပြောဆိုကြကြောင်း သတင်းများတွင် ဖော်ပြသည်။

အလောင်းတွေ့ရှိခဲ့သော အဆောက်အအုံပတ်ဝန်းကျင်တွင် မြန်မာအလုပ်သမား အများစုနေထိုင်နေကြသည်။

အလောင်းတစ်လောင်းတွေ့ရှိသည်ဟု ကြားသိရပြီးနောက် သေဆုံးသူ၏ ညီမဖြစ်သူက ပြီးခဲ့သော ဇွန်လက ပျောက်ဆုံးသွားခဲ့သော အစ်မဖြစ်သူ ဖြစ်နိုင်ဖွယ်ရှိသဖြင့် ကြည့်ခွင့်ပေးရန် ရဲတပ်ဖွဲ့များသို့ တောင်းဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။

အသက် ၃၀ အရွယ်ရှိသော အစ်မဖြစ်သူသည် ယခင်က ချွန်ဘူရီခရိုင်ရှိ ဘဲဥဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး ဘဲဥများကို ခိုးစားခဲ့သည်ဟုဆိုကာ အလုပ်ဖြုတ်ခံရကာ အလုပ်ရှင်က နေရပ်ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ပုန်းနေခဲ့ဖူးကြောင်း ညီမဖြစ်သူက ရဲတပ်ဖွဲ့သို့ ပြောထားသည်။

ပြီးခဲ့သည့် ဇွန်လတွင် ညီမဖြစ်သူ လုပ်ကိုင်နေသော ဘန်ကောက်သို့ အတူတူနေရန် ခေါ်ယူခဲ့ပြီးနောက် လေး ရက်အကြာတွင် အစ်မဖြစ်သူ ထပ်မံပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

အစ်မဖြစ်သူကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိရသဖြင့် တစ်နေရာရာသို့ ထွက်ပြေးသွားကာ ပြန်လာမည်ဟု ယုံကြည် ထားသဖြင့် တိုင်ကြားမှု မပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားထားသည်ဟု သတင်းတွင် ဖော်ပြသည်။

မျိုးဗီဇ (DNA) ကိုက်ညီမှု ရှိမရှိ ညီမဖြစ်သူနှင့် နှိုင်းယှဉ်အတည်ပြု နိုင်ရန် ညီမဖြစ်သူထံမှ DNA ကိုပါ ရဲတပ်ဖွဲ့က တစ်ပါတည်း ယူသွားပြီး အလောင်းအနီးတွေ့ရသော သက်သေပစ္စည်းများကိုလည်း သိမ်းဆည်းသွားကြောင်း သတင်းများတွင် ဖော်ပြသည်။  

သေဆုံးသည့်အကြောင်းအရင်းကို သိရှိနိုင်ရန်အတွက် အလောင်းကို ရင်ခွဲစစ်ဆေးလျက်ရှိပြီး သေဆုံးမှုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရေးသားထားသည်။

Ref: The Thaiger, Matichon Online