ကမာဝက်မြို့နှင့် ကွမ်လှာရွာတို့တွင် နေအိမ် ၁၅လုံး မီးလောင်ပျက်စီး

0
2939

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ ရှမ်းစုရပ်ကွက်တွင် ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းက မီးလောင်မှုကြောင့် နေအိမ် ၁၃ လုံး ပျက်စီးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယနေ့ နံနက် ၁ နာရီဝန်းကျင်က ကမာဝက်မြို့ ရှမ်းစုရပ်ရှိ ဒေါ်လှသိန်းဆိုသူ နေအိမ်တွင် ထွန်းထားသည့် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့သည်ဟု မြို့ခံတို့က ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၃ လုံး လောင်ကျွမ်းပြာကျသွားခဲ့ပြီး လူထိခိုက်‌သေဆုံးမှု မရှိကြောင်းလည်း ၎င်းတို့က ဆိုသည်။

“ဖယောင်းတိုင်မီးထွန်းထားပြီးတော့ အိပ်ပျော်သွားရာကနေ အိမ်တွေကို ကူးစက်လောင်ကုန်တယ်။ မီးထဲပါသွားတဲ့ အိမ် ၁၃ လုံးကတော့ အများစုက သစ်သားအိမ်တွေဖြစ်တယ်” ဟု ကမာဝက်မြို့ခံတစ်ဦးက ပြောသည်။

မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကမာဝက်နယ်မြေ မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့၊ ပရဟိတအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း လူမှုကယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများကို ဘုန်တော်ကြီးကျောင်းတွင် ယာယီပြောင်းရွှေ့နေရာချထားကြောင်း ခဲ့သည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

အလားတူ ယနေ့ နေ့လယ်ပိုင်းကလည်း မုဒုံမြို့နယ် ကွမ်လှာကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာတွင် နေအိမ်ငါးလုံး မီးလောင်ပျက်စီးခဲ့သလို နိုဝင်ဘာလ ၁ဝရက်ကလည်း ဇင်းကျိုက်မြို့တွင် နေအိမ်ရှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး လူလေးဦး သေဆုံးခဲ့သည်။