မော်လမြိုင်-ရန်ကုန် ညရထားခရီးစဥ် ဖျက်သိမ်း

0
3117

မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေသည့် လူစီးညရထားခရီးစဥ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှစပြီး  ယာယီဖျက်သိမ်းလိုက်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်) က ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့ ညပိုင်းက မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းဖြစ်သည့် သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာအကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မော်လမြိုင်-ရန်ကုန် လူစီးညရထားခရီးစဥ်ကို ယာယီဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

“ညရထားခရီးစဥ် ဖျက်သိမ်းလိုက်တာ လုံခြုံရေးကြောင့်လို့တော့ ကြားတယ်၊ အခုက ရထားနဲ့ ခရီးသွားရတာလည်း လုံခြုံမှုမရှိတော့ဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ခရီးစဥ်ဖျက်သိမ်းလိုက်သည့်အတွက် ကြိုတင်လက်မှတ် ဝယ်ယူထားသော ရိုးရိုးတန်း အထက်တန်း လက်မှတ်ခများကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံးတွင် ပြန်ထုတ်ပေးနေသည်ဟု ခရီးသွားများထံမှ သိရသည်။

“ညရထားလက်မှတ်ဝယ်ထားတာ ခရီးစဥ်မရှိတော့လို့ လက်မှတ်ခ ပြန်အမ်းပေးတယ်၊ နေ့ခရီးစဥ်ပဲ ရှိတော့မယ်လို့ ပြောတယ်” ဟု ခရီးသွားတစ်ဦးကဆိုသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့မှစပြီး မော်လမြိုင်ဘူတာကြီးတွင် မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲလျက်ရှိသော လေအိတ်နေ့အမြန်ရထား တစ်စင်းသာ နေ့စဥ် အစုန်/အဆန် ပြေးဆွဲသွားမည်ဟု မြန်မာ့မီးရထား(မော်လမြိုင်) က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ညပိုင်းက မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကုန်တင်ရထားတွဲများနှင့် ရထားလမ်းပိုင်း ပျက်စီးသွားခဲ့ပြီး ရထားခရီးများလည်း ရပ်နားခဲ့ရသည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လခန့်ကလည်း အစုန်ရထား မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဥ်ရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသည်။