အာရှမြေမှာ တောင်အမေရိကအသင်းပဲ ချန်ပီယံဖြစ်တဲ့စံချိန်ကို ဆက်ထူပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ပြင်သစ်ကို ထိုက်ထိုက်တန်တန် အနိုင်ယူပြလိုက်တဲ့ အာဂျင်တီးနား

0
3031
ဓာတ်ပုံ - FIFA

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားနဲ့ လက်ရှိချန်ပီယံပြင်သစ်တို့ အားပြိုင်ခဲ့တဲ့ပွဲစဉ်ဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ အကြိတ်အနယ်ရှိခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းချိန်မှာ အာဂျင်တီးနားက အနိုင်ရရှိသွားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ လက်ရှိချန်ပီယံပြင်သစ်ကို ပထမပိုင်း ၄၅ မိနစ်မှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၈၀ နဲ့ ၈၁ မိနစ်တွေမှာ ပြင်သစ်က နှစ်ဂိုးပြန်သွင်းပြီး သရေရလဒ်ရယူသွားခဲ့လို့ အချိန်ပိုမိနစ် ၃၀ ဆက်ကစားရတဲ့အခြေအနေ ဖြစ်သွားခဲ့ပါတယ်။

အာဂျင်တီးနားဟာ ပင်နယ်တီကတဆင့် မက်ဆီ သွင်းယူပေးတဲ့ဂိုးနဲ့အတူ ပွဲအစ ၂၃ မိနစ်မှာတင် ပြင်သစ်ဘက်ကို ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး အာဂျင်တီးနားအတွက် ဒုတိယမြောက်ဂိုးကိုတော့ ပွဲချိန် ၃၆ မိနစ်မှာ ဒီမာရီယာက ဆက်လက် သွင်းယူပေးသွားခဲ့ပါတယ်။

ပြင်သစ်အတွက် ပထမချေပဂိုးကို ပင်နယ်တီကတဆင့် အမ်ဘတ်ပေက သွင်းယူပေးခဲ့ပြီး နောက်ထပ် တစ်မိနစ်အကြာမှာပဲ အမ်ဘတ်ပေရဲ့ပြင်းထန်အားပါလှတဲ့ မြေမကျဘောကန်ချက်ကနေတဆင့် ပြင်သစ်က နှစ်ဂိုးစီသရေဖြစ်မယ့်သွင်းဂိုးကို ထပ်ရသွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနည်းပြ စကာလိုနီရဲ့ဒီမာရီယာကို စောစောစီးစီး လူစားလဲလိုက်တဲ့ဆုံးဖြတ်ချက်ဟာ အသင်းကို အခက်တွေ့သွားစေခဲ့ပြီး ပြင်သစ်နည်းပြ ဒက်စ်ချမ့်က ကိုမန်းကို အချိန်ကိုက် လူစားလဲလှယ်ထည့်သွင်းလိုက်နိုင်တဲ့အချက်ဟာ ပွဲကို အလှည့်အပြောင်းတွေ ဖြစ်သွားစေခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

အချိန်ပိုမှာလည်း မက်ဆီက အာဂျင်တီးနားအတွက် တတိယဂိုးကို သွင်းယူပေးခဲ့သေးပေမယ့် အချိန်ပိုပြီးဆုံးခါနီးမှာတော့ ပင်နယ်တီ ထပ်မံရရှိတဲ့အခွင့်အရေးကို အမ်ဘတ်ပေက ပြင်သစ်အတွက် ချေပဂိုးအဖြစ် ပြောင်းလဲပေးလိုက်တဲ့အတွက် အဆုံးသတ်မှာ သုံးဂိုးစီသရေဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ် ခံယူရတဲ့အနေအထားဖြစ်သွားခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းချိန်မှာ အာဂျင်တီးနားက လေးဂိုးလုံး ဂိုးဝင်ခဲ့ပြီး ပြင်သစ်က ပင်နယ်တီနှစ်လုံး လွဲချော်သွားတဲ့အတွက် ပင်နယ်တီအဆုံးအဖြတ် လေးဂိုး နှစ်ဂိုးနဲ့အနိုင်ရပြီး အာဂျင်တီးနားက ၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဆုကို တစ်ကျော့ပြန်လည် ရရှိသွားခဲ့ပါတယ်။

ဒါဟာ အာရှမြေမှာ ကျင်းပခွင့်ရခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ နှစ်ကြိမ်လုံး တောင်အမေရိတိုက်ကိုယ်စားပြုအသင်းတွေ ဗိုလ်စွဲတယ်ဆိုတဲ့ မှတ်တမ်းတစ်ခုကိုလည်း ဖြစ်ပေါ်သွားစေခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပူးတွဲအိမ်ရှင်ဖြစ်ခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်း ချန်ပီယံဖြစ်ခဲ့ပြီး အခုတစ်ကြိမ်မှာတော့ အာဂျင်တီးနားက ချန်ပီယံအဖြစ် အောင်ပွဲခံသွားခဲ့တာပဲဖြစ်ပါတယ်။

ဒါဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းမှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဥရောပတိုက်ကိုယ်စားပြုအသင်းတွေကချည်း သိမ်းပိုက်နေတာကိုလည်း အဆုံးသတ်သွားစေခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေကတော့ သွင်းဂိုးအရေအတွက် ၈ ဂိုးနဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားဆု(ရွှေဖိနပ်ဆု)ကို ရရှိသွားခဲ့ပါတယ်။