အဖမ်းခံရသည့် သရက်ချောင်းဒေသခံများ ပြန်လွတ်၊ တစ်ဦးကိုဆက်ဖမ်းထား

0
3102

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာနှင့် ဥတ္တူရွာမှ ဒေသခံ ၁၀ ဦးခန့်မှာ ပြန်လွတ်လာပြီဖြစ်သော်လည်း အမျိုးသားတစ်ဦးကို မလွှတ်ပေးသေးကြောင်း ရွာသားအချို့က ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၁၉) နံနက် ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသည့် လမ်းတစ်လျှောက်မှ ရော်ဘာခြစ်သည့် ဒေသခံများနှင့် ကွမ်းသီးလုပ်သည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဒေသခံများတွင် အမျိုးသမီး၊ အမျိုးသားများအပြင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်များလည်း ပါဝင်ကြောင်း သရက်နှစ်ခွကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦး က ပြောသည်။

“တို့ရွာမှာက ရော်ဘာခြစ်သွားတဲ့ ကလေးအမေက နှစ်ဦး၊ သူတို့နဲ့ အဖော်ပါတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်က နှစ်ဦးနဲ့ အမျိုးသားတစ်ဦး အဖမ်းခံရတယ်၊ အခုညနေမှာ ပြန်လွတ်လာကြပြီ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ဥတ္တူရွာတွင် ကွမ်းသီးခြောက်လုပ်နေသည့် ဒေသခံများနှင့် ရော်ဘာခြံအတွင်းတွေ့သည့် ဒေသခံများကို စစ်ကောင်စီက ယနေ့ ညနေတွင် အားလုံးကိုပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသားတစ်ဦးကိုမူ ထားဝယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။

“မိုးလင်းပိုင်း ခြံထဲဝင်တဲ့လူတွေကို သူတို့ဖမ်းဆောင်သွားတာပေါ့၊ သူတို့နဲ့ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းခေါ်သွားတာ၊ အားလုံး တစ်ဆယ်ကျော်ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သရက်နှစ်ခွရွာနှင့် ဥတ္တူရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့များ ရှိနေပြီး ရွာထဲတွင် စခန်းချနေထိုင်ခြင်းတော့ မရှိဟု အထက်ပါ အမျိုးသားက ပြောသည်။

ဥတ္တူရွာမှ ဒေသခံများမှာ စစ်ကောင်စီတပ်ဖွဲ့က ယင်းသို့ ပြည်သူလူထုကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သဖြင့် အဖမ်းခံရမည်စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများလည်း ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

ဒေသခံများကို စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရကြောင်း ဒေသခံအချို့က ပြောသည်။

သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြားရှိ ထားဝယ်-မြိတ် ကားလမ်းပေါ်တွင် စစ်ကောင်စီခေါင်းဆောင်၏ ပုံတူပန်းချီနှင့် တပ်ပျက်နေပြီဟူသောစာသားကို ဆင်းဖျက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။