မြန်မာလုပ်သားများ ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြ

0
3033

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနှင့် အလုပ်သမား ရပိုင်ခွင့်များရရှိရေး၊ လုပ်အားခခေါင်းပုံဖြတ်မှုများ ပပျောက်ရေးတို့အတွက် ယနေ့ (ဒီဇင်ဘာ ၁၉) နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ (International Migrant Workers Day) အထိမ်းအမှတ်အဖြစ် ယနေ့ ရုံးဖွင့်ရက်တွင် အဆန္ဒပြပွဲ ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ရာချီပူးပေါင်း ပါဝင်ခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။

“လူ့အခွင့်အရေးချိုးဖောက်ခြင်း ခံနေရသော မြန်မာအလုပ်သမားများကို လူသားတွေလို ရှင်သန်ခွင့်ပြုပါ၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်၊ အမေစုကျန်းမာပါစေ” စသော စာတန်းများ ကိုင်ဆောင်ကာ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

 “ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာအားလုံးရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ပွဲဖြစ်တဲ့အတွက် လာရောက်ဝန်းရံခဲ့တယ်၊ အလုပ်တစ်ရက်လောက် ပျက်ခဲ့ရတာ ဘာမှမဖြစ်ပါဘူး၊ လုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းအားလုံးကို လာရောက်ဝန်းရံပေးတာဖြစ်တယ်” ဟု မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

ဆန္ဒပြပွဲကို နေ့လယ် ၂ နာရီမှ ၄ နာရီအချိန်ခန့်အထိ ပြုလုပ်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တစ်ကမ္ဘာလုံးအနေဖြင့် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။