ခေတ်သစ်နော်စတာဒါးမတ်စ် ဟောကိန်းထုတ်အပြီး တိုက်တိုက်ဆိုင်ဆိုင် ပြင်သစ်ကစားသမားအချို့ ဖျားနာ

0
2938

ခေတ်သစ် နော်စတာဒါးမတ်စ် လို့ နာမည်ကျော်စောနေတဲ့ ရှေ့ဖြစ်ဟောဆရာ အောသော့စ်ဆလုမ်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနား အနိုင်ရမယ်လို့ ဟောကိန်းထုတ်လိုက်ပြီး နာရီပိုင်းအကြာမှာတင် ပြင်သစ်ကစားတွေထဲက ဖျားနာသူတွေ၊ မအီမသာဖြစ်သူတွေ ပေါ်ထွက်လာခဲ့တယ်လို့ သိရှိရပါတယ်။

ခေတ်သစ် နော်စတာဒါးမတ်စ်လို့ တင်စားခံရတဲ့ အေသော့စ် ဆလုမ်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီကို တက်ရောက်မယ့်အသင်းနှစ်သင်းက အာဂျင်တီးနားနဲ့ ပြင်သစ်တို့ဖြစ်တယ်ဆိုတဲ့ဟောကိန်းကို မှန်ကန်အောင် ဟောကိန်းထုတ်ခဲ့သူဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်အကြိုဟောကိန်းမှာ ဒီနှစ်က အာဂျင်တီးနားရဲ့နှစ်လို့ ထပ်မံဟောကြားခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုနဲ့ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်ခင်မှာ ပြင်သစ်ကစားသမား နှစ်ယောက်ဖြစ်တဲ့ ရာဘီအော့တ်နဲ့ အူပါမီကာနို တို့ အဖျားဝေဒနာ ခံစားနေခဲ့ရပြီး အဲ့ဒီနောက်မှာ ကိုးမန်း၊ ဗာရန်းနဲ့ ကိုနာတေးတို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဆိုသလိုပဲ ဖျားနာလာခဲ့ကြတာဖြစ်ပါတယ်။

အေသော့စ်ဆလုမ်း ဟာ ကိုဗစ်အရေး၊ ဘုရင်မကြီး အဲလိဇဘက် နတ်ရွာစံမယ့်အရေးတွေကို ဟောကိန်းထုတ်ခဲ့ရာမှာလည်း တိကျမှန်ကန်မှု အပြည့်အဝရှိခဲ့ပြီး ကမ္ဘာ့ဖလားဖိုင်နယ်မှာ အာဂျင်တီးနား ဗိုလ်စွဲမယ်ဆိုတာကို ခါဘာလားဟ်သင်္ချာနည်းလမ်းနဲ့တွက်ချက်ပြီး အေသော့စ်ဆလုမ်းက ဟောကြားထားတာဖြစ်ပါတယ်။

အေသော့စ် ဆလုမ်းက ဟောကိန်းထုတ်အပြီးမှာ ပြင်သစ်အသင်းထဲက အဓိက,ကစားသမားတချို့ ထပ်မံဖျားနာလာလို့ ဒါဟာ တိုက်ဆိုင်မှုလား၊ ဖြစ်တည်မှုလားဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

ပြင်သစ်က ချန်ပီယံဖြစ်ခဲ့ရင် ဂျူးရီးမက်ကမ္ဘာ့ဖလားဒီဇိုင်းကနေ လက်ရှိဆုဖလားဒီဇိုင်းသစ်ဆီကို ပုံစံပြောင်းလဲပြီးတဲ့နောက် ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက်ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်ရေးထိုးနိုင်မှာဖြစ်သလို အာဂျင်တီးနားက ချန်ပီယံဖြစ်ခဲ့ရင်လည်း ၁၉၈၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ပြန်လည်ရရှိခြင်းအဖြစ် မှတ်တမ်းဝင်သွားပါလိမ့်မယ်။

News Source – Daily Star & Goal