ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာ

0
3371

ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် ဝက်သားဈေး တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာကြောင်း ဝက်သားရောင်းသူအချို့က ပြောသည်။

၂၀၂၂ ခုနှစ် သီတင်းကျွတ်လမတိုင်မီအချိန်ထိ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ခန့်သာရှိပြီး သီတင်းကျွတ်ကာလမှ နိုဝင်ဘာလအတွင်း ၁၇၀၀၀ ကျပ်အထိ ခုန်တက်သွားသည်။

ဝက်သားဈေးတက်လာခြင်းမှာ ဝက်ရှာရခက်လာခြင်းကြောင့်ဖြစ်ပြီး အလုပ်သမားစရိတ်၊ အခွန်အခများနှင့် အခြားကုန်ကျစရိတ်များကြောင့်ဖြစ်သည်ဟု ထားဝယ်မြို့နယ်မှ ဝက်ဒိုင်လုပ်ငန်းတွင် လုပ်ကိုင်သူ ဦးဖိုးလားက ပြောသည်။

“ကုန်ကြမ်းက မော်လမြိုင်မှာ တက်ဝယ်နေရတယ်၊ ထားဝယ်မှာ ကုန်ကြမ်းလာရောင်းသူ သိပ်မရှိဘူး။ နယ်က တစ်နေ့တစ်ကောင်တောင် မလာဘူး၊ ဒေသဝက်ကတော့ မရှိသလောက်ပဲ” ဟု ၎င်းက ဆိုသည်။

ဝက်ဒိုင်မှ ဝယ်ယူရသည့်ဈေး တဖြည်းဖြည်း ခုန်တက်နေခြင်းကြောင့် ဝက်သားဈေး ၁၇၀၀၀ ကျပ်အထိ ခုန်တက်လာခြင်းဖြစ်သည်ဟု ကမ်းနားဈေးမှ ဝက်သားရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဝက်သားဈေးတက်လာသဖြင့် ရောင်းအား သုံးပုံတစ်ပုံခန့်ကျသွားကြောင်း ဝက်သားရောင်းသူအချို့က ပြောသည်။

“ရောင်းအားက ကျတာပေါ့၊ အရင်တုန်းက(ဝက်ဒိုင်မှာ) အချိန် ၃၀ လောက်ယူနေချိန်မှာ အခု ၁၀ ပိဿာ ၁၂ ပိဿာလောက်ပဲ ယူနိုင်တယ်လေ၊ အဲဒါတောင် ကျန်တယ်ဆို အရှုံးနဲ့ပြန်ရောင်းရတယ်လေ၊ ပိုက်ဆံပေါ်အောင် ပြန်ရောင်းချနေရတယ်ပေါ့။ တို့တွေမှာ အရမ်းကိုအခက်အခဲဖြစ်နေတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ဝက်ဒိုင်မှ ယူရသည့်ဈေးမှာ တစ်ပိဿာ ၁၅၅၀၀ ကျပ်ဖြစ်နေသဖြင့် ၁၆၀၀၀ ဖြင့်ပြန်ရောင်းပါက သွားသယ်ခ၊ သုံးဘီးခ၊ မိမိလုပ်အားခများပါဝင်ပါက တွက်ခြေမကိုက်သဖြင့် ၁၇၀၀၀ ခန့်ဖြင်ရောင်းတာဖြစ်သည်ဟု ၎င်းက ပြောသည်။

စစ်တပ်ဈေးမှဝယ်ယူပြီး ဆိုင်ကယ်ဖြင့်လှည့်ရောင်းသည့် ဈေးသည်တွင်ပင် တစ်ပိဿာ ၁၆၀၀၀ ကျပ် ၂၅ ကျပ်သားကို ၄၀၀၀ ပေး ဝယ်စားရသည်ဟု ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အထွေထွေကုန်ဈေးနှုန်းများ အဆမတန်တက်လာသဖြင့် ကြက်သား၊ ဝက်သား၊ အမဲသားကို တော်ရုံနှင့် ဝယ်မစားဖြစ်တော့ကြောင်း သရက်ချောင်းမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။