အာဏာသိမ်းဂယက်မှာပါသွားတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲနေ့

0
3268

ကမ္ဘာ့ဖလား ဗိုလ်လုပွဲနေ့ရောက်တော့မယ်။

လေးနှစ်တစ်ကြိမ်ပဲ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲ ဒီလိုပွဲမျိုးဆို ဦးသိန်းဖေတို့ အလွတ်မခံ။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာတော့ အုပ်စုပွဲစဉ်ကစလို့ ဖိုင်နယ်ပွဲအထိ တစ်ပွဲမှမကြည့်ရသေးတဲ့ ဦးသိန်းဖေက “ဗိုလ်လုပွဲတော့ ရအောင်ကြည့်မယ်လို့ အားခဲထားတယ်” လို့ဆိုပါတယ်။

တကယ်တော့ ကမ္ဘာဖလားဘောလုံးပွဲဆိုတာက ကျား၊မ မရွေး၊ အသက်အရွယ်မရွေး စိတ်ဝင်စားကြတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

ဘောလုံးပွဲစိတ်မဝင်စားပါဘူး ဆိုသူတွေတောင် ကမ္ဘာ့ဖလားဗိုလ်လုပွဲနေမှာတော့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ စုပြီးဘောလုံးပွဲကြည့်ရင်း ပျော်ပါဖူးကြသည်ပင်။

ဒါကြောင့်လည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲနေ့ဆိုရင် ဘီယာဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ဟိုတယ်၊ ဘား စတဲ့ လူအများဆုံနိုင်တဲ့နေရာတွေမှာ အထူးအစီအစဉ်တွေနဲ့ ‌ဘောလုံးပွဲကြည့်ကြဖို့ အပြိုင်အဆိုင် ကြော်ငြာလေ့ရှိကြပါတယ်။

ဘောလုံးပွဲဝါသနာပါသူရော၊ ‌ဘောလုံးပွဲအကြောင်း ဘာမှမသိဘူးဆိုသူရော ဒီနေရာတွေကိုသွားပြီး မိတ်ဆွေတွေနဲ့အတူ ဘောပွဲကြည့်ရင်း အော်ကြဟစ်ကြ ပျော်စရာကောင်းတဲ့ ညတစ်ညဖြစ်ခဲ့ကြပါတယ်။

အခုလည်း ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအဆင့် ဗိုလ်လုရမယ့်နေ့ ရောက်လာတော့မှာပါ။

ဒါပေမဲ့ မြန်မာပြည်သူ သန်းပေါင်းများစွာက အရင်လိုပျော်ရွှင်ခွင့်မရတော့ပါဘူး။

မြန်မာနိုင်ငံသားတွေအတွက်တော့ ကမ္ဘာဖလားဗိုလ်လုပွဲကြီးလည်း အာဏာသိမ်းခံလိုက်ရပါပြီ။

“အဲဒီတုန်းက လက်ဘက်ရည်ဆိုင်မှာ ဘောလုံးပွဲကြည့်ရင် အရမ်းပျော်ဖို့ကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက်ငြင်းကြတာများကွာ ထန်းရှစ်ဟှား (ဇရက်ငှက်) အိပ်တန်းတက်သလိုမျိုးပဲ” လို့ ဦးသိန်းဖေက ဆိုလေသည်။

တကယ်တော့ ဦးသိန်းဖေဟာ ၂၀၁၈ ခုနှစ်က ရုရှားနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းပွဲစဉ်အကြောင်းကို ပြန်ပြောင်းပြောပြနေတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိုဘိုင်းအင်တာနက်ဈေးနှုန်းတွေ အာဏာမသိမ်းမီကထက် ထက်ဝက်နီးပါးလောက်မြင့်တက်သွားခဲ့ပါတယ်။

အာဏာမသိမ်းမီက မိုဘိုင်းဒေတာ ၁ ဂျီဘီ (1GB) ကို ကျပ်တစ်ထောင်လောက်သာ ကျသင့်ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ ကျပ်နှစ်ထောင်ကျော်နဲ့ ဝယ်သုံးနေကြရပါတယ်။

အရင်ကထက် ၄၅ ရာခိုင်းနှုန်းလောက် ဈေးတက်သွားတာပါ။

ကြည်လင်ပြတ်သားတဲ့ မိနစ် ၉၀ ဆယ်စာ တိုက်ရိုက်လွှင့်ဘောလုံးပွဲတစ်ပွဲ ကြည့်ဖို့အတွက် အနည်းဆုံး မိုဘိုင်းဒေတာ ၄ ဂျီဘီ (4GB) လောက်လိုပါတယ်။ ဘောလုံးပွဲတစ်ပွဲ ကျပ်တစ်သောင်းလောက်နဲ့ ပေးကြည့်နေရတဲ့သဘောပါပဲ။

“အလုပ်မရှိ အကိုင်မရှိ၊ ဘာဝင်ငွေမှမရှိဘဲ ပင်စင်လစာလေးနဲ့ စားနေရတဲ့ငါ့မှာ တစ်နေ့တစ်သောင်း ဘယ်ကရမှာလဲကွာ” လို့ ဦးသိန်းဖေ ညည်းတွားရှာပါတယ်။

ဒါကြောင့်လည်း ဒီနှစ်ကမ္ဘာ့ဖလားပွဲစဉ် တစ်ပွဲမှ သူမကြည့်ရသေးပါဘူး။

ကြိုးမဲ့အိမ်သုံးအင်တာနက် (Broadband) ကလည်း အာဏာမသိမ်းမီက တစ်လ ၈၀၀၀၀ ကျပ်လောက်သာရှိပေမယ့် အာဏာသိမ်းပြီးမှာ တစ်သိန်းနှစ်သောင်းကျော်ဖြစ်သွားပြီ။

ဦးသိန်းဖေတို့ရွာမှာက ထားဝယ်မြို့ပေါ်မှာလို WiFi တွေမရှိပါ။ WiFi ရှိတဲ့ မြို့ပေါ်တွေမှာလည်း တစ်ယောက်တည်း ဘောလုံးပွဲကြည့်ရတာဟာ ပျင်းရိခြောက်သွေ့စရာ ကောင်းလှပါတယ်။

လုံခြုံရေးကြောင့် ညဘက်တွေမှာ ဆိုင်တွေမဖွင့်တော့တဲ့အတွက် အရင်လိုသူငယ်ချင်းတွေ စုပြီးဆိုင်မှာထိုင်ကြည့်လို့ မရတော့သလို၊ နေအိမ်တွေမှာ စုကြည့်ဖို့ဆိုတာကလည်း အန္တရာယ်ရှိတဲ့အခြေအနေပါ။

ကမ္ဘာ့ဖလား ဘောလုံးပွဲဆိုတာ ပြိုင်ပွဲတစ်ခုထက်ပိုပါတယ်။ ဘဝဒုက္ခတွေကနေ ခဏတာထွက်ပေါက် ရတယ်။ မိတ်ဆွေတွေနဲ့ အော်ဟစ်အား‌ပေးလိုက်ရတော့ စိတ်ဒုက္ခတွေ လျော့ပါးပြေပျောက်စေတယ်။

ငွေကုန်ကြေးကျသက်သာပြီး စိတ်ကျေနပ်ပျော်ရွှင်မှုကိုရစေတယ်။

စတဲ့ကောင်းကျိုးတွေ အများကြီးပါပဲ။

အခုတော့ အချို့က အာဏာသိမ်းမှုကို ဆန့်ကျင်ဖီဆန်လို့ အသတ်ခံရတာ၊ ထောင်ချခံထားရတာတွေကြောင့် မရှိတော့ပါဘူး။

အချို့ဆိုရင်လည်း လက်နက်ကိုင်တော်လှန်ရေးနဲ့အတူ တောထဲရောက်နေတာ၊ ပြည်ပမှာ ရောက်နေတာ စသဖြင့် တကွဲတပြား။

“တစ်ယောက်တည်း ကြည့်ရတာအဆင်မပြေဘူး။ ညနက်ပွဲတွေဆိုရင် ဘောလုံးပွဲကြည့်ရင်းနဲ့တောင် အိပ်ပျော်ပျော်သွားတယ်” လို့ ထားဝယ်မြို့ခံ ကိုဖြိုးကိုလတ်ကဆိုပါတယ်။

ဘောလုံးဂျာနယ်ကိုင်ပြီး ပေါင်းဖော်၊ ပေါင်းဖက်တွေဆိုင်ကယ်နဲ့မြို့ပတ်၊ လက်ဘက်ရည်ဆိုင်တကာလိုက်ထိုင်၊ ဘောလုံးပွဲကြည့်ရတာကိုပဲနှစ်သက်တယ်လို့ သူကဆိုပါတယ်။

“အရိုးလွတ်တစ်ပွဲပေးပါ”

“ဘော်လုံးဂျာနယ်ယူလာပေးပါအုံး”

“ကြေးဘယ်လောက်ပေါက်နေတာလဲ”

ဘောလုံးပွဲရာသီ လက်ဘက်ရည်ဆိုင်ထဲ ကြားနေကျအသံတွေ။

ဒီအသံတွေအခုဘယ်ရောက်ကုန်ပြီလဲ။ ဘယ်နေရာမှာ ဒီလိုအသံတွေကြားနေရသေးလဲ။ ဘယ်ဆိုင်မှာများ ဘောလုံးပွဲပြနေသေးတာလဲ။ ဘယ်သူတွေကရော ညနက်သန်း‌ခေါင် အပြင်ထွက်ရဲကြလို့လဲ။

နိုင်ငံရေးလှိုင်းတံပိုးအောက်မှာ စုတ်စုတ်မြှပ်ကုန်ကြပြီ။

အဲဒီနိုင်ငံရေး လှိုင်းတံပိုးကပဲ ကိုဖြိုးကိုလတ်တို့ သူငယ်ချင်းတွေ အကွဲအကွဲအပြားပြား ဖြစ်စေခဲ့ပြီးပြီ။ လူငယ်ဘဝ လွတ်လပ်ပျော်ရွှင်မှုတွေကို နစ်မြှုပ်ပစ်ခဲ့လေပြီ။

“ကမ္ဘာ့ဖလားဗိုလ်လုပွဲ‌စ‌တော့မယ်။ အရင်တုန်းကဆိုရင် လက်ဘက်ရည်ဆိုင်မှာ ဝင်ထိုင်ပြီးကြည့်တာတို့၊ ညသန်းခေါင်ဗိုက်ဆာရင် မိုးမလင်းဆိုင်ထွက်စားလို့ရတဲ့ အဲဒီလိုမျိုးအနေအထားတွေက အခုက ဘယ်သူမှ မရနိုင်တော့ဘူး” ထားဝယ်မြို့ခံ ဘော်လုံးဝါသနာရှင် တစ်ဦးကဆိုပါတယ်။

သူက ထားဝယ်မြို့မှာ တစ်ချိန်က နာမည်ကြီး ဗေဒါတို့၊ ထက်လင်းတို့ ဗီဒီယိုခေတ်ကိုလည်းမီ၊ နောက်ပိုင်း သိန်းသန်းစံတို့၊ ‌Winner တို့လို ဘောလုံးပွဲပြတဲ့ ဘက်ဘက်ရည်ဆိုင်တွေကိုလည်းမီတဲ့သူတစ်ဦး။

ဗေဒါရုံ၊ ထက်လင်း တို့ဆိုတာ အင်တာနက်တွေ၊ Smart TV တွေ မပေါ်သေးခင် ထားဝယ်သား ဘောလုံးဝါသနာအိုးတွေ မသွားမဖြစ်သွားကြည့်ရတဲ့ ဗီဒီယိုရုံတွေ။ ဘောလုံးဝါသနာအိုးတွေ ရုံထဲဝင်ကြည့်ခွင့်ရဖို့ တန်းစီကြရပါတယ်။

အဲအချိန်ကဆို ရုံဝင်ခ တစ်ယောက်ကို ၂၀၀ ကျပ်။

ရုံထဲမကြည့်လိုက်ရသူတွေကတော့ မနက်ပိုင်းဗီဒီယို ရုံဆီ အပြေးကလေးလာပြီး ရုံရှေ့မှာ ကပ်ထားတဲ့ စာရွက်တွေကို ပြူးပြဲကြည့်ကြရတတ်ပါတယ်။

ပွဲစဉ် အနိုင်၊ အရှုံးစာရွက်ကိုပါ။

အခုခေတ်လို အင်တာနက်ပေါ်မှာ ပွဲစဉ် Highlight တွေကြည့်လို့မှမရဘဲကိုး။

စာရွက်ကြည့်ပြီး ရှုံးတဲ့သူကတော့ ခေါင်းငိုက်စိုက်နဲ့။ မနက်စာငတ်တဲ့သူကငတ်ကြ‌ပေါ့။

တိုက်ဆိုင်မှုတစ်ခုရှိလာတိုင်း တချို့သောလွမ်းမော တမ်းတစရာတွေက တဖန်ပေါ်လာတတ်စမြဲပါ။

အခုလည်း ကိုဖြိုးကိုလတ်တစ်ယောက် ကမ္ဘာ့ဖလားရာသီမှာ ထောင်ကျနေတဲ့ ဘောလုံးဝါသနာအိုးတစ်ယောက်ကို လွမ်းဆွတ်နေပါတယ်။

“အခုချိန်မှာ ကျွန်တော်သူ့ငယ်ချင်း‌ ကြမ်းအိုးကို သတိရဆုံးပဲ။ သူကဘောလုံးဝါသနာအိုး။ ဘောလုံးပွဲရှိတဲ့ညဆို ဆိုင်ကယ်နဲ့အိမ်မှာလာခေါ်နေကျ။ အခုသူဒီမှာမရှိဘူး။ ထောင်ကျနေတယ်” လို့ ကိုဖြိုးကိုလတ်ကဆိုပါတယ်။

ဘောလုံးပွဲကြည့်တိုင်း ရေနွေးကြမ်းနှစ်အိုး သုံးအိုးကုန်အောင်သောက်လေ့ရှိလို့ ကြမ်းအိုးလို့ နာမည်ပြောင်‌ပေးထားတဲ့ သူ့သူငယ်ချင်းက နိုင်ငံရေး ပုဒ်မတစ်ခုနဲ့ ထားဝယ်အကျဉ်းထောင်ထဲ ကျခံနေရတာပါ။

“ကမ္ဘာ့ဖလားဗိုလ်လုပွဲကို သူနဲ့ အတူတူကြည့်ချင်တယ်” လို့ ကိုဖြိုးကိုလတ်က တမ်းတမ်းတတ ပြောဆိုလိုက်ပါတယ်။