ပီအက်စ်ဂျီတိုက်စစ်မှူး နှစ်ယောက်နဲ့ မန်ယူခံစစ်မှူး နှစ်ယောက် အားပြိုင်မယ့် ဗိုလ်လုပွဲ

0
2814

ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို ဒီဇင်ဘာလ ၁၈ ရက်နေ့ရောက်ရင် ကြည့်ရှုကြရပါတော့မယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်ရောက်လာတဲ့ အသင်းနှစ်သင်းကတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကထိပ်သီး အာဂျင်တီးနားတို့ပါပဲ။

ဒီပွဲစဉ်ကို အဆုံးအဖြတ်ပေးမှာက ခံစစ်နဲ့ တိုက်စစ်ရဲ့အရေးပါတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ ထူးခြားချက်တစ်ရပ်က နှစ်သင်းလုံးရဲ့တိုက်စစ်နဲ့ ခံစစ်ကို ဦးဆောင်နေကြသူတွေဟာ ကလပ်အသင်းတွေမှာ တွဲဖက်ညီတဲ့ အသင်းဖော်တွေ ဖြစ်နေတဲ့အချက်ပါပဲ။

ဒါကြောင့် အခုတစ်ကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ အသင်းဖော်ဟောင်းတွေ အားပြိုင်ရမယ့် ဗိုလ်လုပွဲစဉ်သဘောမျိုး ဖြစ်လာနိုင်ပါတယ်။ ပြင်သစ်တိုက်စစ်မှာ အဓိကကျနေသူက အမ်ဘတ်ပေ ပါ။ အာဂျင်တီးနားရဲ့တိုက်စစ်အင်အားစုကို ဦးဆောင်နေသူက မက်ဆီ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ယောက်က ပီအက်စ်ဂျီမှာ အသင်းဖော်တွေပါ။ အခုတော့ သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင်အသင်းတွေမှာ အခရာကျတဲ့ တိုက်စစ်မှူးတွေအဖြစ် သူတို့ အားပြိုင်ရပါတော့မယ်။

ခံစစ်တွေကို ကြည့်လိုက်ရင် ပြင်သစ်ဘက်မှာ အဓိကကျသူက ဗာရန်း၊ အာဂျင်တီးနားဘက်မှာ အဓိကကျသူက မာတီနက်ဇ် ဖြစ်နေတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒီနှစ်ယောက်ဟာ မန်ယူခံစစ်ကြောင်းမှာ အတွဲညီခဲ့တဲ့ အသင်းဖော်တွေပါ။ အဲ့ဒါကြောင့် ပြင်သစ်ဘက်က ဗာရန်း အစွမ်းပြလေမလား၊ အာဂျင်တီးနားဘက်က မာတီနက်ဇ် အစွမ်းပြလေမလား ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ပြင်သစ်အသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ပွဲလမ်းကြောင်းထဲမှာ ဒီနှစ်သင်း ထိပ်တိုက်တွေ့ခဲ့ပါတယ်။ အဲ့ဒီတုန်းက ၁၆ သင်းရှုံးထွက်အဆင့်မှာ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ထိပ်တိုက်ဆုံခဲ့တာပါ။ အဲ့ဒီတုန်းက ပြင်သစ်ကနေပြီး အာဂျင်တီးနားကို လေးဂိုး သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုတစ်ကြိမ် ဗိုလ်လုပွဲမှာ ဘယ်လိုအဖြေမျိုးထွက်ပေါ်လာလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Photo – YahooUK