အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်စွဲမယ်လို့ နာမည်ကြီး ရှေ့ဖြစ်ဟော အေသော့စ်ဆလုမ်း ဟောကိန်းထုတ်

0
3211

ခေတ်သစ် နော်စတာဒါးမတ်စ် လို့ သတ်မှတ်ခေါ်ဝေါ်ခြင်းခံနေရတဲ့ အေသော့စ် ဆလုမ်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဖိုင်နယ်မှာ အနိုင်ရရှိပြီး ချန်ပီယံဆုကို ရရှိသွားမယ့်အသင်းက အာဂျင်တီးနားဖြစ်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

အေသော့စ် ဆလုမ်း ဟာ ဘရာဇီးနိုင်ငံမှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲ မစတင်ခင်ကတည်းက ဖိုင်နယ်တက်မယ့် အသင်းနှစ်သင်းဟာ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ဖြစ်တယ်လို့ ဟောကိန်းထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာ သူ့ဟောကိန်းက မှန်ကန်ထားတဲ့အတွက် ဗိုလ်စွဲမယ့်အသင်းက ဘယ်အသင်းဖြစ်မလဲဆိုတာကို အေသော့စ် ဆလုမ်း ဆီ ဟောကိန်း တောင်းခံလာခဲ့တဲ့အတွက် အေသော့စ် ဆလုမ်းက အခုလို ဟောကြားပေးလိုက်တာဖြစ်ပါတယ်။

အေသော့စ် ဆလုမ်း ခဘာလားဟ်သင်္ချာဟောကိန်းကို အခြေခံကာ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ဇာတာကို တွက်ချက်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားရဲ့စိုးမိုးဂဏန်းက ခဘာလားဟ် သင်္ချာအရ ရှစ်၊ ပြင်သစ်ရဲ့စိုးမိုးဂဏန်းက ခုနစ်ဖြစ်နေတဲ့အတွက် အာဂျင်တီးနားက အားသာနေတယ်လို့ အေသော့စ် ဆလုမ်းက ဟောကိန်းထုတ်လိုက်တာလို့ သိရပါတယ်။

ခေတ်သစ် နော်စတာဒါးမတ်စ် လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ အေသော့စ် ဆလုမ်း ဟာ ကိုဗစ်အရေး၊ ဝိတိုရိယဘုရင်မကြီး နတ်ရွာစံမယ့် အရေးကိစ္စတွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့တာမှာလည်း မှန်ကန်မှု အပြည့်အဝရှိခဲ့သူဖြစ်ပါတယ်။

အာဂျင်တီးနားကို ဗိုလ်လုပွဲ ကစားမယ့်နေ့မှာ ကိုယ်စားပြုထားတဲ့ ကိန်းဂဏန်းနံပါတ် ၈ က ဖန်ဆင်းမှု လုံးဝ ပကတိပြီးပြည့်စုံခြင်း၊ သံသရာစက်ဝန်းသစ်တစ်ခု အစပြုခြင်း၊ ပြီးမြောက်ခြင်းနဲ့ ကျင့်ဆောင်ခြင်းတွေကို ကိုယ်စားပြုတယ်လို့ အေသော့စ် ဆလုမ်းက ရှင်းပြထားပါတယ်။

မက်ဆီဟာ သူ့ကစားသမားဘဝဖြတ်သန်းမှုရဲ့နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေခြင်း၊ အယ်လ်ဗာရက်ဇ်က သူ့ဘဝရဲ့ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားနေခြင်း စတာတွေက ဖန်ဆင်းမှု လုံးဝ ပကတိပြီးပြည့်စုံခြင်း၊ သံသရာစက်ဝန်းသစ်တစ်ခု အစပြုခြင်း၊ ပြီးမြောက်ခြင်းနဲ့ ကျင့်ဆောင်ခြင်း စတဲ့အချက်သုံးခုလုံးနဲ့ ကိုက်ညီနေတယ်လို့ အေသော့စ် ဆလုမ်းက ရှင်းပြထားပါတယ်။

အေသော့စ် ဆလုမ်းက ပြင်သစ် ရရှိထားတဲ့ ကိန်းဂဏန်း ၇ ဟာလည်း တန်ခိုးကြီးနံပါတ်တစ်ခု ဖြစ်ပေမယ့် Seven of the Law ဥပဒေသအရ တစ်ခုနဲ့ တစ်ခု ဩဇာလွှမ်းမိုးနိုင်တဲ့ စွမ်းအားတွေ ပါဝင်နေလို့ ဆင့်ကဲဖြစ်တည်တာ ဒါမှမဟုတ် ပျက်ယွင်းသွားတာတွေပဲ အဆုံးသတ်မှာ ဖြစ်လာလိမ့်မယ်လို့ တွက်ဆပြထားပါတယ်။

Photo – YahooUK