ထားဝယ်အိမ်ခြံမြေဈေးကွက် အရောင်းများပြီး အဝယ်နည်း

0
2949

ထားဝယ်အိမ်ခြံမြေဈေးကွက်တွင် ရောင်းချလိုသူများပြားပြီး ဝယ်ယူမည့်သူ မရှိသလောက်နည်းပါးနေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့်နှစ်ကမူ ကျပ်ငွေတန်ဖိုးကျဆင်းလာမှုနှင့်အတူ ကျပ်ငွေအပေါ်ယုံကြည်မှုနည်းပါးလာကြသဖြင့် အိမ်ခြံမြေဝယ်လိုသူ ပိုများပြားခဲ့ကြောင်း အကျိုးဆောင်အချို့က ပြောသည်။

ယခုနှစ် ပွင့်လင်းရာသီတွင်မူ ပြောင်းပြန်ဖြစ်လာပြီး ရောင်းမည့်သူကများကာ ဝယ်ယူမည့်သူမှာ မရှိသလောက်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

“မနှစ်က နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအထိ ဝယ်ပေးရတာတွေရှိတယ်။ ဒီနှစ်ကတော့ စုံစမ်းတာမျိုးတောင် မရှိတော့ဘူး” ဟု လောင်းလုံးမြို့နယ်တွင် အိမ်ခြံမြေ ရောင်းဝယ်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က အနိမ့်ဈေးဖြင့်ဝယ်ယူသိမ်းဆည်းထားသည့် အိမ်ခြံမြေများကို ပွင့်လင်းရာသီတွင် ထုတ်ရောင်းလာကြခြင်း၊ စီးပွားရေး အရင်းအနှီးလုပ်ရန်အတွက် အိမ်ခြံမြေကို ထုတ်ရောင်းလာကြခြင်း၊ မလုံခြုံမှုတို့ကြောင့် အခြားမြို့ရွာသို့ ရွှေ့ပြောင်းရန်အတွက် ရောင်းချလိုသူများရှိလာခြင်း စသည့်တို့ကြောင့် ‌‌ရောင်းလိုအားများပြားလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ အိမ်ခြေံမြေအသင်းဝင်တစ်ဦးက ဆိုသည်။

“ဒီလိုပွင့်လင်းရာသီမှာ ရောင်းရင်တော့ (အမြတ်အစွန်း) ပိုရမယ်ဆိုပြီး ထုတ်ရောင်းလာကြတယ်။ ဒါပေမဲ့ ထင်သလိုမျိုးဖြစ်မလာဘူး” ဟု ၎င်းက ပြောဆိုသည်။

ဝယ်လိုသူနည်းပါးလာခြင်းမှာ ပြီးခဲ့သည့်နှစ် မြန်မာကျပ်ငွေအပေါ် စိုးရိမ်သူတို့ အိမ်ခြံမြေဝယ်ယူထားပြီးဖြစ်သဖြင့် အသစ်မဝယ်ကြတော့ခြင်း၊ နယ်တွင်နေထိုင်သူများမှာလည်း စီးပွားရေးအခြေအနေအရ အိမ်ခြံမြေဝယ်ရန် မတတ်နိုင်တော့ခြင်း၊ ရွှေဈေးတည်ငြိမ်နေသဖြင့် အိမ်ခြံမြေဘက်မလှည့်ကြတော့ဘဲ ငွေဖော်ရ လွယ်သည့် ရွှေဘက်သို့ရောက်သွားကြခြင်းတို့ကြောင့်ဖြစ်‌ကြောင်း ၎င်းအသင်းဝင်က ဆိုသည်။

“အိမ်ခြံမြေဝယ်လိုအားက အခုချိန်မှာ အရှိန်ကုန်သွားပြီ။ သူတို့မှာ ဝယ်ဖို့ပိုက်ဆံမရှိကြတော့ဘူး။ အိမ်ခြံမြေ ဈေးကွက် ကတော့ ၂၀၂၃ ခုနှစ်အထိ ရောင်းလိုအားများပြီး ဝယ်လိုအား နည်းပြီးသွားနေလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်အိမ်ခြံမြေအရောင်းအဝယ် Facebook Group တို့ရှိ ပိုစ့်တင်သူ ၈၀ ရာခိုင်းမှာ ရောင်းချသူများဖြစ်ပြီး ဝယ်ယူရန်မေးမြန်းသူမှာ ၂၀ ရာနူန်းခန့်သာရှိကြောင်း အက်ဒမင်တစ်ဦးက ဆိုသည်။

“Group တွေထဲမှာတော့ အရောင်းအဝယ်ဖြစ်သွားတာက လက်ချိုးရေလို့ရတယ်။ အပြင်မှာပဲ အရောင်းအဝယ် ဖြစ်သွားသလားဆိုတာတော့ မသိနိုင်ဘူးပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။

မနှစ်က တစ်နှစ်ပတ်လုံး အိမ်ခြံမြေ ဆယ်ခုခန့်အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် တစ်ကြိမ်မျှ အရောင်းအဝယ်မဖြစ်သေးကြောင်း ‌လောင်းလုံးမြို့နယ်တွင် အိမ်ခြံမြေရောင်းဝယ်လုပ်ကိုင်နေသူတစ်ဦးကဆိုသည်။

ဒေသခံအချို့ကလည်း အိမ်ခြံမြေရောင်းချသူများ ပိုမိုများလာကြောင်းပြောဆိုကြသည်။

“အလှူလုပ်ရအောင်ဆိုပြီး ဖိုးဖွားပိုင်မြေကွက်လေးထုတ်ရောင်းနေတာ တနှစ်လောက်ရှိပြီ။ ဝယ်မယ့်သူမရှိဘူး။ မိန်းလမ်းမပေါ်မှာရှိတဲ့ မြေကွက်တွေ၊ ခြံတွေပဲရောင်းပန်းလှတယ်ထင်တယ်” ဟု လောင်းလုံးမြို့နယ် သာကုန်းရွာသူတစ်ဦးကဆိုသည်။

ငွေပို၊ ငွေလျှံစုဆောင်းမိသည့်အချိန်ဟုဆိုနိုင်သည့် ကွမ်းသီး၊ ရော်ဘာစသည့် ရာသီပေါ်သီးနှံ ကာလကုန်ဆုံးပါက အိမ်ခြံမြေဝယ်ယူသူများ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူတို့က ခန့်မှန်းသည်။