မြိတ်တွင် အမှိုက်သိမ်းရက်လျှော့လိုက်သဖြင့် လမ်းဆုံ၊ လမ်းထိပ် အမှိုက်များစုပုံ

0
3168
မြိတ်မြို့ပေါ်ရပ်ကွက်တစ်ခု၏ လမ်းထိပ်တွင် စုပုံထားသည့် အမှိုက်ထုပ်များ။

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တို့တွင် အမှိုက်သိမ်းယာဉ်များ အမှိုက်လာရောက်သိမ်းဆည်းသည့်ရက်ကို လျှော့ချလိုက်သဖြင့် လမ်းဆုံ၊ လမ်းထိပ်တို့၌ အမှိုက်များ မကြာမကြာ စုပုံနေကြောင်း ရပ်ကွက်နေသူတို့က ပြောသည်။

ယခင်က ပုဂ္ဂလိက အမှိုက်သိမ်းယာဉ်တို့သည် တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် နေအိမ်ရှေ့အရောက် လှည့်လည် သိမ်းယူလေ့ရှိပြီး လောင်စာဆီဈေးနှုန်းကြီးမြင့်လာပြီးနောက် တစ်လလျှင် နှစ်ရက်မှ သုံးရက်အထိသာ အမှိုက်သိမ်း နေကြောင်း မြို့ပေါ် ရပ်ကွက်နေသူအချို့က ဆိုသည်။

“တစ်ပတ်နှစ်ရက်လာ‌နေကျပဲ။ နောက်တော့ တစ်ပတ် တစ်ရက်၊ တစ်လ သုံးရက်၊ တစ်လ သုံးရက်ကနေ အခု တစ်လ နှစ်ရက်ပဲ လာ‌တော့တာ” ဟု မြိတ်တောင်နယ်မြေနေ အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့ပေါ် ရပ်ကွက်အများစုရှိ ပုဂ္ဂလိကအမှိုက်သိမ်းယာဉ်တို့သည် ပြီးခဲ့သည့်အစိုးရလက်ထက်က မြို့နယ် စည်ပင်သာယာ‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ထားပေးသည့် သက်ဆိုင်ရာနယ်မြေ၊ ရပ်ကွက်ပိုင် အမှိုက်သိမ်းယာဉ်များဖြစ်ကြသည်။

ယငြးအပှငြ ခွောငြး၊ မှောငြးတို့တှငြ အမှိုကပြဈပါက အမှိုကပြဈသူအား ဒဏကြှေးနှဈသိနြးကပွြ ရြိုကပြှီး သတငြးပေးသူအား တဈသိနြးကပွနြှုနြး ဆုကှေးပေးသည့ြ ဆုပေးဒဏပြေးစနဈဖှင့ြ ကငွ့သြုံးခဲ့ဖူးသညြ။

လက်ရှိတွင် ယင်းစနစ်များလည်း မရှိတော့ကြောင်း ရပ်ကွက်နေသူများက ပြောသည်။

“အမှိုက်ကားမလာတာ ကြာလို့ဆိုပြီး လမ်းထိပ်မှာ အမှိုက်တွေလာစုပုံနေ‌တာပဲ။ ယင်တွေနား၊ ခွေးကဆွဲနဲ့ ညစ်ပတ်နေတာ မြင်မကောင်းဘူး။ တချို့ဆို နီးရာချောင်းထဲ သွားပစ်ကြတာပဲ” ဟု ကန်ဖျားရပ်နေ အမျိုးသားတစ်ဦးက ပြောသည်။

အမှိုက်များ များလာပြီး အပုပ်နံပင် ထွက်နေပြီဖြစ်ကြောင်း မြို့သစ်ရပ်နေ အမျိုးသားတစ်ဦးကလည်း ဆိုသည်။

“လမ်းထိပ်က အမှိုက်ပုံဆိုရင် တစ်နှစ်ကျော်လောက်ကတည်းကနေ စဖြစ်နေတာ၊ ခုနောက်ပိုင်း တ‌ဖြေးဖြေး ပိုများလာတာပဲ။ အမှိုက်ပုံ နည်းနည်းများလာရင် အနံပုပ်တွေ ထွက်လာတာပဲ” ဟု ၎င်းက ပြောဆိုသည်။

လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်း၊ ယာဉ်ပြင်ဆင်စရိတ်ကြီးခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက် အပါအဝင် အမှိုက်သိမ်းသူတို့၏ စရိတ်စကများ ကြီးမြင့်လာသဖြင့် အမှိုက်သိမ်းယူသည့်ရက် နည်းသွားရခြင်းဖြစ်ကြောင်း ပုဂ္ဂလိကအမှိုက်သိမ်းယာဉ်လုပ်ငန်း ကော်မတီဝင်အချို့က ပြောဆိုသည်။

“အမှိုက်သိမ်းတာ ရက်မမှန်ပေမယ့် လစဉ်ကြေးကိုတော့ တိုးကောက်တာမျိုးမရှိပါဘူး။ ဆီဈေးကြီးတာနဲ့ ယာဉ်မောင်းခ၊ လူခနဲ့ဆို အဆင်ပြေအောင် လုပ်နေရတာပါ” ဟု ရပ်ကွက်တစ်ခုမှ ပုဂ္ဂလိကအမှိုက်သိမ်းယာဉ်လုပ်ငန်း ကော်မတီဝင်တစ်ဦးက ပြောသည်။

အမှိုက်သိမ်းခအဖြစ် လစဉ်ကြေး တစ်လလျှင် နှစ်ထောင်ကျပ်မှ ငါးထောင်ကျပ်အထိ ပေးဆောင်ရကြောင်း ရပ်ကွက်နေသူများက ပြောပြသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ် ခြောက်စီးခန့်ဖြင့် အမှိုက်သိမ်းယူရာတွင်လည်း ဈေးနှင့် ဈေးအနီးတဝိုက်တွင်သာ သိမ်းလေ့ရှိကြောင်း မြို့ခံများထံမှ သိရသည်။

မှတ်ချက်။ မြို့ပေါ်ရပ်ကွက်တစ်ခု၏ လမ်းထိပ်တွင် စုပုံထားသည့် အမှိုက်ထုပ်များ။