မြိတ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဒေသခံလူထုနှင့်တွေ့ဆုံဆွေးနွေး

0
4307
ဓါတ်ပုံ - တနင်္သာရီမြို့နယ်ရှိကျေးရွာပြည်သူများနှင့် တွေ့ဆုံနေစဥ်။(မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း(၂)

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက ကျေးလက်တောရွာနှင့် ပင်လယ်ရွာများအထိ လာရောက်ကာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း မြိတ်ခရိုင်တပ်ရင်း(၂) နှင့် ဒေသခံများ ထံမှသိရသည်။

ယင်းသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံများတွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ဒီဇင်ဘာ ၁၂  ရက်နှင့် ၁၄ ရက်တို့တွင် မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ကျေးရွာများသို့ သွားရောက်ကာ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၂)မှ ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် ရပ်ရွာအတွင်းရှိ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး တပ်ရင်းတာဝန်ခံများမှလည်း ပြည်သူလူထုကို အားပေးစကားပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျွန်းစုမြို့နယ်ရှိ ပင်လယ်ရွာများသို့ ပြည်သူ့ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီး ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသခံများကပြောသည်။

“တစ်ဆယ့်ငါးရွာပိုင်တဲ့ ကဘင်၊ရေကန်အော်အုပ်စုနဲ့ မိုင်းသွေးအုပ်စုဖက်ကို ရောက်လာပြီး ပြည်သူတွေနဲ့တွေ့ဆုံသွားကြတယ် “ဟု ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာနေ ဒေသခံအမျိုးသားကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်လာသည်ဟု သတင်းကြားသဖြင့် ကဘင်အုပ်စု၊သဲအော်ကျေးရွာရှိ စစ်ကောင်စီ၏ ကျောင်းများတွင် စာသင်နေသည့် ဆရာ/ဆရာမများ စခန်းသစ်ရွာသို့ ဆိုင်ကယ်ဖြင့်ထွက်ပြေးကြသည်ဟု ဒေသခံများ ကဆိုသည်။

ကျွန်းစုမြို့နယ်၊မိုင်းသွေးကျေးရွာအုပ်စုဖက်သို့လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လာရောက် ကာပြည်သူလူထုနှင့် တွေ့ဆုံခဲ့သည်ဟု မိုင်းသွေးရွာဒေသခံကလည်း ဆိုသည်။

“နွေးနွေးထွေးထွေး အေးအေးဆေးဆေးပဲလာသွားကြတယ်”ဟု မိုင်းသွေး ဒေသခံ အမျိုးသား ကပြောသည်။

ကျွန်းစုကျေးရွာခရီးစဥ်ကိုတော့ မြိတ်ခရိုင်တပ်ရင်း(၂)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိချေ။

မြိတ်ခရိုင်၊ပုလောနှင့် တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ စစ်ရေးအရှိန်မြင့်လာနေသလို တစ်ဖက်မှလည်း ပြည်သူလူထုနှင့် မိမိတို့တစ်သားတည်းရှိနေကြောင်း ဖော်ပြသည့်အနေဖြင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်များက လူထုနှင့်ထိတွေ့မှုများ စတင်ပြုလုပ်လာကြခြင်း ဖြစ်သည်။