အာဖဂန် တာလီဘန်အစိုးရနှင့် မြန်မာစစ်ကောင်စီ ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့်မရ

0
3137

ကုလသမဂ္ဂစီစစ်ရွေးချယ်ရေးကော်မတီက အစီရင်ခံစာထုတ်ပြန်ခဲ့ရာ အာဖဂန်နစ္စတန်မှ အစွန်းရောက် တာလီဘန် အုပ်စုနှင့် မြန်မာပြည်မှ အာဏာသိမ်းစစ်ကောင်စီတို့ ကုလသမဂ္ဂတွင် ကိုယ်စားပြုကိုယ်စားလှယ် ထားရှိရေးကိစ္စကို ဒုတိယအကြိမ် နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ကြောင်း ပါဝင်သည်။

နောက်ထပ် (၉)လအကြာတွင် အဆိုပါ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကြောင့်ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အနေဖြင့် ဆက်ရှိနေမည်ဖြစ်သည်။

သို့သော် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုခွင့်ပေးရန်ကိုမူ ကော်မတီဘက်က ဆိုင်းငံ့ထားဦးမည်ဖြစ်ကြောင်း ဗီအိုအေ သတင်းဌာန၏ သတင်းဖော်ပြချက်အရသိသည်။

လစ်ဗျားနိုင်ငံမှ ပြိုင်ဘက်အစုအဖွဲ့တစ်ခုက ကုလသမဂ္ဂနေရာ တောင်းဆိုမှုအရေးကိုလည်း နောက်ဆုတ်ထားခဲ့သည်။

အဆိုပါ အစီရင်ခံစာကို လာမည့် သောကြာနေ့တွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံက အတည်ပြုမည်ဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့ဝင် အရည်အချင်းစစ်ဆေးရေး ကော်မတီ ၉ နိုင်ငံတွင် ရုရှား၊ တရုတ် နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ကြသည်။

ဆုံးဖြတ်ချက်များကို နောက်ဆုတ်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ တိုင်းပြည်များ၏ ကိုယ်စားလှယ် သံအမတ်ကြီးများ၏ ဆုံးဖြတ်ချက်များကို မူတည်သွားပြီဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်းကို ကိုးကားလျက် Reuters သတင်းက ဖော်ပြထားသည်။

တာလီဘန် အစိုးရနှင့် မြန်မာစစ်ကောင်စီ တို့သည် ၎င်းတို့အာဏာသိမ်းပြီး ဖြုတ်ချခဲ့သော အစိုးရများ၏ သံအမတ်ကြီးများကို ဖယ်ရှားပေးရန် တောင်းဆိုထားကြသည်။

တာလီဘန်များ နှင့် စစ်ကောင်စီတို့သည် ၎င်းတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံရေးအတွက် ကုလသမဂ္ဂတွင် နေရာရရေး အလွန်အရေးကြီးလျက်ရှိသည်။