မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ် ပစ်ခတ်မှုဖြစ်ပြီး လေးနာရီခန့်လမ်းပိတ်ခဲ့

0
3600

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်  ယနေ့ နံနက် ၉ နာရီဝန်းကျင်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လေးနာရီအကြာ လမ်းပိတ်မိခဲ့သည်ဟု ကားသမားများကပြောသည်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ် မော်တုံးနှင့် ဘန်းလမွတ်ကျေးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး မြိတ်မှလာသည့် ကုန်တင်ကား၊ခရီးသည်တင်ကား အပါအဝင်ယာဥ်အားလုံးကို   နံနက် ၈ နာရီခွဲခန့်မှစပြီး သွားခွင့်မပေးတော့ဘဲ မွန်းတည့် ၁၂ အထိစောင့်ဆိုင်းခဲ့ရသည်ဟု ကားသမားများ ကပြောသည်။

“ဇဝဲရွာမှာ ပိတ်မိနေတာ ကားတန်းကအရှည်ကြီးပဲ။ ရှေ့မှာတိုက်ပွဲဖြစ်နေတယ်လို့ပဲ သိရတယ်။ ကျန်တာမသိရဘူး”ဟု မြိတ်-ကော့သောင်းသို့သွားသည့် ကားသမားတစ်ဦးကပြောသည်။

မြိတ်နှင့်တနင်္သာရီမြို့အကြား မော်တုံးကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည်ဟု ကြားသိရပြီး ၅၅၆ အမြှောက်တပ်မှလည်း မော်တုံးကျေးရွာအောက်ဖက် ဘန်းလမွတ်ကျေးရွာနှင့် ယမ်းဖိုကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ကို ကြားရသည်ဟု ဇဝဲကျေးရွာနေ အမျိုးသမီး ကပြောသည်။

“ပျူစောထီးတွေ သေတယ်လို့ကြားရတယ်။ ကျွန်မတို့လည်း အတိအကျမသိဘူး”ဟု ၎င်းကပြောသည်။

မော်တုံးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရမှုနှင့် ထိခိုက်သေဆုံးမှုကိုတော့ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

“ကျွန်တော်တို့ ဖြတ်လာချိန်မှာတော့ နေ့လယ် ၁ နာရီရှိပြီ အဲဒီစစ်ဆေးရေးဂိတ်ထူးခြားတာတွေ မတွေ့ရဘူး။ မြန်မြန်သွား လို့ပဲပြောပြီး ကားတွေကိုတောင်  သူတို့မစစ်ဆေးကြတော့ဘူး”ဟု ကော့သောင်းမှ မြိတ်မြို့သို့ ယနေ့ညနေတွင် ရောက်လာသည့် ကားသမားကဆိုသည်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ တုံးဗျောကျေးရွာ၊ ဘန်းလမွတ်ကျေးရွာ၊ ဇဝဲကျေးရွာနှင့် မော်တုံးကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ မကြာခဏထိတွေ့ ပစ်ခတ်လေ့ရှိသည်။

မြိတ်နှင့်တနင်္သာရီမြို့အကြား ပြည်ထောင်စုလမ်းပေါ်တွင် ပသောင်းတံတားဂိတ်၊မရင်းကြီးဂိတ်၊တုံးဗျောငယ်ဂိတ်၊မော်တုန်းဂိတ်၊ ဇဝဲဂိတ်နှင့်နနင်္သာရီတံတား စစ်ဆေးရေးဂိတ် တို့ရှိသည်ဟု ကားသမားများ ထံမှသိရသည်။