သရက်ချောင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွား

0
4369

ထားဝယ်ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ဝဲရစ်ရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းတစ်လုံးနှင့် ရှော့တိုက်မိုင်းတစ်လုံးခွဲခဲ့ကြောင်း၊ ယင်းနောက်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။

ယနေ့ (ဒီဇင်ဘာ ၁၄) နံနက် ၅ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာရှိ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လာရောက်တိုက်ခိုက်ရာ နေ့လယ် ၁၂ နာရီခန့်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီယာဉ်တန်းမှာ ပဲဒက်ပြည်သူ့စစ်အဖွဲ့ကို လာကူသည့် စစ်ကူအင်အားဖြစ်ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်က ရေကြောင်း၊ ကုန်းကြောင်းအသုံးပြုကာ ဖြန့်ကျက်လာနေကြောင်း ဒေသခံများထံမှသိရသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် မြိတ်-ထားဝယ်ကားလမ်းမကြီးမှာ နေ့လယ် ၁၂ နာရီအထိ လမ်းကြောင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ၁၂ နာရီနောက်ပိုင်းမှ လမ်းကြောင်းပြန်ဖွင့်ပေးခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုသည်။

တိုက်ပွဲတွင် ဒေသခံပြည်သူနှစ်ဦးမှာ လက်နက်ကြီးအစထိမှန်ခံထားရပြီး နောက်တစ်ဦးမှာ သေနတ်ကျည်ဆန် ထိမှန်ခံထားရကြောင်း ဒေသခံများကဆိုသည်

“ဒေသခံတွေက အဲ့လိုပဲ ကြောက်ကြောက်လန့်လန့်နဲ့ လာတာနဲ့ ပုန်းနေရတယ်၊ ကိုယ့်အိမ်မှာကိုယ်ပုန်းနေကြရတယ်၊ ဖုန်းတွေဘာတွေလည်း စက်ပိတ်ထားရတယ်၊ ဖုန်းတွေဘာတွေ ဆက်နေရင် တော်ကြာဒလန်ဆိုထင်မှာစိုးလို့”ဟု ၎င်းက ဆိုသည်။

ပဲဒက်ကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ကာ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ် (ပျူစောထီး)အဖွဲ့ဝင် အင်အား ၃၀ ကျော်ရှိကြောင်း၊ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့က ပျူစောထီးများကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပဲဒက်ကျေးရွာမှ ဒေသခံအမျိုးသားက ဆိုသည်။

ပဲဒက်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့စစ်အဖွဲ့က ထိခိုက်မှုရှိပြီး ၄ ဦးအဖမ်းခံရကာ လက်နက်များလည်း ရရှိထားကြောင်း၊ ပြည်သူ့ကာကွယ်ရေးဖက်က ထိခိုက်မှုမရှိဟု ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။