ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ရထားမိုင်းဆွဲခံရပြီး ရထားခရီးစဉ်များ ဖျက်သိမ်းထား

0
3538

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရ ပြီးနောက် ရထားခရီးစဉ်များ ဖျက်သိမ်းထားရကြောင်း ခရီးသွားဒေသခံများနှင့် မြန်မာ့မီးရထားရုံးတို့ထံမှ သိရသည်။

သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခွဲခန့်က ကုန်တင်ရထား မိုင်းဆွဲခံရပြီး ရထားလမ်းပိုင်းပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မိုင်းဆွဲခံရတာက ကုန်ရထားဆိုတော့ လူ ထိတာတော့မရှိဘူး။ ရထားနဲ့ လမ်းကတော့ ပျက်စီးသွားတယ်။ ပြင်နေကြလို့ ရထားခရီးစဉ်တွေ ရပ်ထားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရထားလမ်းပိုင်း ပြုပြင်နေရသည့်အတွက် ရန်ကုန် – မော်လမြိုင် အစုန်အဆန် ညရထားနှင့် နေ့ရထားခရီးစဉ်များ ဖျက်သိမ်းထားရကြောင်း စုံစမ်းသိရှိရသည်။

ပျက်ဆီးသွားသော ရထားလမ်းပိုင်းကို ပြင်ဆင်၍ မပြီးသေးကြောင်း မြန်မာ့မီးရထားက ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ထုတ်ပြန်ထားသည်။

လမ်းပိုင်းအမြန်ဆုံး ဖွင့်လှစ်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်ဟုလည်း ဆိုသည်။

ရန်ကုန်-မော်လမြိုင် မီးရထားခရီးစဉ်များ ထွက်ခွာနိုင်ခြင်း မရှိသည့်အတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည် များအား လက်မှတ်ခများ ပြန်လည်အမ်းပေးခဲ့ကြောင်း ခရီးသွားတို့ထံမှ သိရသည်။

“ရထားမထွက်ဖြစ်လို့ လက်မှတ်ခတွေ ပြန်အမ်းပေးတယ်။ ပြန်ပြေးဆွဲမယ့်နေ့ကို ပြန်ကြေညာပေးမယ်ပြောတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတုန်းကလည်း မော်လမြိုင်-ရန်ကုန်-မော်လမြိုင် အစုန်ရထား မိုင်းဆွဲတိုက်ခံရသည့်ဖြစ်စဉ် ရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ရထားမိုင်းဆွဲခံရသည့်ဖြစ်စဉ်၊ ရထားလမ်းမိုင်းခွဲခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည်။