တနင်္သာရီ အနောက်မော်တုံးက စစ်ဘေးရှောင်ကလေးများ ဝမ်းရောဂါဖြစ်၊ ဆေးဝါးများလိုအပ်

0
3062
တော၊ တောင်များအတွင်း တိမ်းရှောင်နေသည့် တိုင်းထဲက စစ်ဘေးရှောင်အချို့။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုံးကျေးရွာက စစ်ဘေးရှောင်နေကြသည့် ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်နေပြီး ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်နေသူများထံမှ သိရသည်။

အနောက်မော်တုံးကျေးရွာတွင် နိုဝင်ဘာလ ၁၄ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ငါးရာဝန်းကျင်သည် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။

လက်ရှိတွင် ကလေးငယ်များ ဝမ်းရောဂါဖြစ်နေကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

“ရွာက (စစ်ရှောင်နေတဲ့) ဆရာကို ခေါ်ပြီးပြတယ်။ ဆေးထိုးတယ်။ အကြွေးပေါ့၊ ပိုက်ဆံရတဲ့အခါ ပြန်ပေးမယ် ဆိုပြီး တော့။ နောက်ပြီး PDF တပ်က ဆေးမှူးတစ်ယောက်လည်း လာကုပေးနေတာရှိတယ်။ သူ့မှာကလည်း ဆေးဝါးက သိပ်မရှိဘူး။ အားနာလို့ ကလေးတအားအဖြစ်များမှပဲ အကြောင်းကြားကြတယ်” ဟု စစ်ဘေးရှောင်နေသူ ကလေးနှစ်ဦး၏ မိခင်က ပြောသည်။

စစ်ဘေးရှောင် ငါးရာအနက် လက်ရှိ၎င်းတို့ ယာယီနေထိုင်နေကြသည့် ယာယီတဲအတွင်း လူကြီး ၃၀ ဦးနှင့် ကလေး ၂၀ ဦး ခန့်ရှိပြီး ကလေး ငါးဦး ဝမ်းရောဂါဖြစ်ပွားနေကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

အခြားတဲများတွင် အလားတူဖြစ်ပွားနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ဘေးရှောင်များထံသို့ ဆန်အပါအဝင် ရိက္ခာအချို့အား လာရောက်ပံ့ပိုးပေးခြင်းများ ရှိနေသော်လည်း လုံလောက်မှု မရှိကြောင်း စစ်ဘေးရှောင်အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

“လောလောဆယ်တော့ ဆေးဝါးတွေလိုတယ်။ ငါးခြောက်၊ ငရုတ်သီးခြောက်တွေလည်း လိုအပ်နေတယ်။ အဲဒါ နှစ်မျိုးရှိရင် ပအုန်းရည်ငပိဖျော်လေးနဲ့ တောထဲက တညင်ရွက်ကောက် (ခူး) ပြီး ဟင်းချက်စားလို့ ရတယ်။ ရွာမှာ လိုတော့ ကြက်သား၊ အမဲသား မစားရတော့ဘူးပေါ့။ ကလေးတွေလည်း မုန့်မစားရတာကြာပြီ” ဟု ၎င်းက ဆိုသည်။

စစ်ဘေးရှောင်နေသည်မှာ တစ်လပြည့်ပြီဖြစ်သော်လည်း စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် နေ့ည မကြာခဏ ပစ်ခတ်နေသည့်အတွက် ရွာမပြန်ရဲကြသေးဘဲ လယ်ယာလုပ်ငန်းများလည်း ပစ်ထားရကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်တွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေသူ တစ်သောင်းကျော်ရှိပြီး တနင်္သာရီမြို့နယ် တွင် သုံးထောင်ကျော်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသည့် အဖွဲ့အစည်းအချို့၏ အချက်အလက်များအရ သိရသည်။

ပုံစာ – တော၊ တောင်များအတွင်း တိမ်းရှောင်နေသည့် တိုင်းထဲက စစ်ဘေးရှောင်အချို့။