နေရပ်ပြန်သည့်ရွာသား အသတ်ခံရသဖြင့် ထားဝယ် သင်္ဃန်းတုံးရွာသားများ နေရပ်မပြန်ရဲကြ

0
3967

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအုပ်စုရှိ သင်္ဃန်းတုံးရွာက နေရပ်ပြန်သည့် စစ်ဘေးရှောင် အမျိုးသားတစ်ဦး အသတ်ခံရပြီးနောက် ယင်းရွာသားများ ရွာသို့ ပြန်ကာ မနေထိုင်ရဲကြတော့ကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒီဇင်ဘာလ ၄ ရက်တွင် သင်္ဃန်းတုံး တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းနောက် ဒီဇင်ဘာလ ၅ ရက် နံနက် ၆နာရီခွဲခန့်တွင် အသက် ၅၇ နှစ်အရွယ်ရှိ စစ်ဘေးရှောင်ဒေသခံ ဦးသန်းဝင်းမှာ မွေးမြူထားသည့် တိရစ္ဆာန်များကို အစာကျွေးရန်၊ ဖုန်းအား၊ ဓာတ်မီးအားများသွင်းရန် အိမ်သို့ ခေတ္တပြန်လာစဉ် ဖမ်းဆီးသတ်ဖြတ် ခံရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဦးသန်းဝင်းတွင် ဝမ်းဗိုက်နှင့် ဦးခေါင်းကျည်ထိမှန်ထားပြီး ဦးခေါင်းတွင် ကြေမွ ဒဏ်ရာများရရှိထားကာ ခြေထောက်တစ်ဖက် ကျိုးနေသည်ကို တွေ့ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အကျီမှာတောင် စစ်ဖိနပ်ရာတွေကျန်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်က သင်္ဃန်းတုံးကျေးရွာအနီးက သရက်ငုတ်ကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်က စစ်ကြောင်းထိုးလာလျှင် ဘေးလွတ်ရာတိမ်းရှောင်ကြပြီး စစ်ကြောင်းပြန်ထွက်သွားချိန်တွင် ရွာသားများ မိမိနေအိမ်သို့ ပြန်လာနေကြကြောင်း ဒေသခံများထံမှသိရသည်။

သို့သော် ဦးသန်းဝင်း အသတ်ခံရပြီးနောက်ပိုင်းတွင် ဒေသခံများမှာ ရွာမပြန်ရဲဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

“ရွာမှာ လူတစ်ယောက်မှ မနေတော့ဘူး။ အရင်ကဆို စစ်ကြောင်းပြန်သွားရင် ကိုယ့်အိမ်ကိုယ် ပြန်လာနေသူတွေ ရှိသေးတယ်။ အခုတော့ အဲဒီလိုဖြစ်ပြီးတည်းက ဦးသန်းဝင်းလို ဖြစ်မှာစိုးလို့ဆိုပြီး ရွာသားတွေက အိုးတွေ ခွက်တွေ တောင် ပြန်မယူရဲကြတော့ဘူး။ အဲဒီလောက်ထိတောင် ကြောက်နေကြတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

လက်ရှိအချိန်ထိ ထားဝယ်မြို့နယ် အရှေ့တောဒေသ လမ်းတန်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ သွားလာ လှုပ်ရှားမှုများရှိကြောင်း‌ ဒေသခံအချို့က ပြောသည်။

ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်သွားလာမှု မရှိတော့သဖြင့် အခြားကျေးရွာမှ ဒေသခံများ နေရပ် ပြန်နေကြသော်လည်း သင်္ဃန်းတုံးတစ်ရွာတည်းသာ နေရပ်မပြန်ကြသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲမှာ လူတစ်ယောက်မှ မရှိဘူး။ အပြီးရှောင်လိုက်တာ။ အခုရှောင်နေတာတော့ကြာပြီ၊ တစ်ရွာလုံးပဲ။ သူတို့ နေလို့ လည်း မရဲတော့ဘူး။ ကြက်တွေ၊ ဝက်တွေ မွေးထားသူတွေတော့ အစာလာကျွေးတာရှိတယ်။ အစာကျွေးတဲ့ လူတွေ လည်း အဲဒီမှာနေတာမဟုတ်ဘူး။ အစာကျွေးခါနီးမှ လာတယ်။ ကျွေးပြီးရင်ပြန်တယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ဆိုသည်။

သင်္ဃန်းတုံးရွာသူရွာသားများမှာ နယ်မြေအေးချမ်းသည့် အခြားကျေးရွာရှိ ဆွေမျိုးများထံသို့သွားရောက်ခိုလုံကြပြီး အချို့မှာ ထားဝယ်မြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ကြကာ အချို့မှာ ပြည်ပနိုင်ငံကို ထွက်ခွာသွားကြကြောင်း ဒေသခံအချို့က ပြောသည်။