လောင်းလုံးတွင် စပါးသယ်ရန် လယ်ကွင်းဖြတ်သန်းခွင့်ကိစ္စ လယ်သမားအချင်းချင်း ခိုက်ရန်ဖြစ်မှုများလာ

0
3271

လောင်းလုံးမြို့နယ်ရှိ လယ်သမားအချို့သည် စပါးသယ်ရန်အတွက် လယ်ကွက်များကို ဖြန်သန်းခွင့် မပြုသည့် ကိစ္စနှင့်ပတ်သတ်ပြီး ခိုက်ရန်ဖြစ်ပွားမှု များလာကြောင်း လယ်သမားများထံမှ သိရသည်။

လောင်းလုံးမြို့နယ်ရှိ လယ်ကွင်းများသည် တဆက်တစပ်တည်းရှိနေကြပြီး သီးသန့်ကုန်ထုတ်လမ်း မရှိကြပေ။

ယင်းအတွက်ကြောင့် တစ်ဦးလယ်ကွင်းကို တစ်ဦးက ဖြတ်သန်းပြီး စပါးသယ်ယူရေးကို လုပ်ဆောင်ကြရသည်။

ယခုနှစ်ဆောင်းတွင် မိုးရာသီအလား မိုးကောင်းနေသဖြင့် လယ်ကွင်းများထဲ ရေများ တင်ကျန်နေခဲ့သည်။

ရေတင်ကျန်နေသည့် လယ်မြေပျော့ပေါ်သို့ စပါးရိတ်စက်၊ ကား၊ ထော်လာဂျီ စသည့် စက်ယန္တရားများ ဖြတ်သန်း သွားလာပါက လယ်မြေပျက်စီးမှု ပိုဖြစ်ပေါ်ပြီး မိုးရာသီလယ်ထွန်ချိန်တွင် ကုန်ကျစာရိတ်ပိုများလေ့ရှိကြောင်း လယ်သမာများက ပြောသည်။

ယင်းအတွက်ကြောင့် လယ်သမားအချို့မှာ မိမိပိုင်လယ်မြေပေါ်သို့ စက်ယန္တရားကြီးများ ဖြတ်သန်းသွားလာသည်ကို မလိုလားကြတော့ဘဲ တားဆီးလာကြသည်။

“သူများတွေနှစ်ခါလယ်ထွန်ရင် ကျွန်တော်တို့မှာ သုံးခါ၊ လေးခါ လိုက်ထွန်နေရတယ်။ အဲဒါကြောင့် မဖြတ်စေချင်တာ” ဟု လယ်သမား ဦးထူးတင်က ဆိုသည်။

လယ်ထဲဖြတ်သန်းသွားလာလိုလျှင် ပျက်စီးသွားသည့် နေရာများကို ပြန်လည်ထွန်ယက်ပေးမည်ဆိုပါက ခွင့်ပြုနိုင် သော်လည်း ဖြတ်သန်းသွားလာသည့် လယ်သမားများက လက်မခံကြဟု ဆိုသည်။

“ကိုယ့်လယ်သူများတွေဖြတ်၊ သူများလယ်ကို ကိုယ်ကဖြတ် ဒီလိုပဲ နှစ်တိုင်း သွားနေတာပဲ။ လယ်လုပ်ပေး ပြင်ပေးရ တယ်လို့ ထုံစံမရှိပါဘူး” ဟု လယ်သမားတစ်ဦးဖြစ်သူ ကိုတင်သန်းက ဆိုသည်။

ယင်းကဲ့သို့ အငြင်းပွားရင်း တစ်ဦးနှင့် တစ်ဦး ပဋိပက္ခဖြစ်ပွားနေသည်မှာ လောင်းလုံးမြို့နယ်ရှိ ကျေးရွာအများစုတွင် ဖြစ်ပွားလျှက်ရှိကြောင်း လယ်သမာများထံမှ စုံစမ်းသိရှိရသည်။

ယခင်ကလည်း အလားတူပြဿနာမျိုးဖြစ်လေ့ရှိသော်လည်း ယခုကဲ့သို့ မများကြောင်း လယ်သမားအချိုက ဆိုသည်။

ယခုနောက်ပိုင်းတွင်မူ အငြင်းပွားမှုများကို ဖြေရှင်းပေးမည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ မရှိသဖြင့် အငြင်းပွားမှုကနေ ခိုက်ရန်ပဋိပက္ခအထိ ဖြစ်ပွားသူများလည်း ရှိလာကြောင်း ၎င်းတို့က ပြောဆိုသည်။

“အရင်တုန်းကတော့ ပြတ်ဿနာတစ်ခုဖြစ်ပြီဆို အုပ်ချုပ်ရေးမှူးနဲ့ နှစ်ဖက်ညှိကြရင်း အဆင်ပြေကြတာကိုး။ အခုက ညှိပေးမယ့်သူ မရှိတော့ လက်ပါ၊ ခြေပါ၊ ထိုးမယ်၊ ကြိတ်မယ်၊ သတ်မယ် တကဲကဲဖြစ်လာကြတယ်” ဟု လောင်းလုံး မြို့နယ် ကညုံကျွန်းရွာသားတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုကာ မကြာခဏ သတ်ဖြတ် ခံနေရသည်။ ယင်းအတွက်ကြောင့် ကျေးရွာအများစုတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ မရှိဘဲဖြစ်နေကြသည်။