အာစီယံအရေး ရတက်မအေးကြသူတွေ

0
4723

အရှေ့တောင် အာရှနိုင်ငံများ အသင်း – Association of Southeast Asian Nations (ASEAN) အာစီယံ ရယ်လို့ အများသိကြတဲ့ အသင်းကြီးမှာ အဖွဲ့ဝင် ၁၀ နိုင်ငံရှိရာကနေ မကြာခင်မှာ အဖွဲ့ဝင်အသစ် နိုင်ငံအဖြစ် အရှေ့တီမော နိုင်ငံပါလာပါတော့မယ်။ ဒီလိုပါပဲ။ ကျွန်တော်တို့ အရပ်ထဲမှာလည်း အာဏာသိမ်းပြီးနောက် တစ်နှစ်အလွန်မှာတော့ အာစီယံ အဖွဲ့ဝင်တွေ တိုးလို့လာနေပါတယ်။ ဘာကြောင့်တိုးလာသလဲ ဆိုတာကတော့ အဖြေရှာဖို့လိုဆဲပါပဲ။

အရပ်ထဲ ပြောကြတဲ့ အာစီယံ ဆိုတာကတော့ ဘိန်းစာရွက်ကို အခြေပြုချက်လုပ်တဲ့ မူးယစ်ဆေးရည်ကို ညွှန်းတာဖြစ်ပြီး အာစီယံ အဖွဲ့ဝင် ဆိုတာကတော့ ထိုမူးယစ်ဆေးရည်ကိုပုံမှန် သုံးစွဲနေသူတွေကို ဆိုလိုတာပါ။ အာစီယံ အသင်းကြီးနဲ့ အာစီယံ မူးယစ်ဆေးရည်ဟာ ဘာကြောင့် နာမည်တူတယ်၊ ဘာလို့ ဒီမူးယစ်ဆေးကို အာစီယံလို့ ခေါ်ကြသလဲဆိုတာကတော့ တိတိပပ မသိကြပါဘူး။ 

ဒါပေမဲ့ အာစီယံဆေးရည်ကို ဘယ်လိုချက်မလဲဆိုတာကိုတော့ အရပ်ထဲက ဆယ်ကျော်သက် မြီးကောင်ပေါက် တွေကနေ သက်လတ်ပိုင်းအမျိုးသားတွေအထိ သိလာကြပါပြီ။ အာစီယံ ဆေးချက်ဖို့ တံခါးပိတ် အစည်းအဝေးတွေ အရပ်ထဲ မှာ ခပ်စိပ်စိပ် ကျင်းပလာနေကြပါပြီ။ အရင်က အရပ်ထဲ မြင်ဖို့ခဲယဉ်းတဲ့ ဘိန်းစာရွက်ပင်တွေကိုလည်း အိမ်နောက်ဖေး ကွက်လပ်ထဲမှာ စိမ်းစိမ်းစိုစိုနဲ့ အရိပ်တကြည့်ကြည့် ပြုစု နေသူတွေကို မြင်လာရပါပြီ။ အာစီယံ ကို အကြောင်းပြုလို့ လင်မယားရန်ဖြစ်တာ၊ သားသမီးနဲ့ မိဘကြား ကတောက်ကဆ ဖြစ်ကြတွေလည်း မကြာခဏဆိုသလို ဖြစ်လာပါတယ်။ 

“အရက်ပဲ ပြန်သောက်ပါစေလို့ ငါ့မှာဆုတောင်းနေရတယ်။ ဒီလို ဆေးစွဲနေပုံနဲ့ အလုပ်ကောင်းကောင်း မလုပ်တာနဲ့တော့ ငါ့ယောက်ျားတော့ လုံးပါးပါးမှာ၊ ဒင်းစိုက်ထားတဲ့ အပင်တွေလည်း ဘယ်နေ့ရဲလာဖမ်းမလဲလို့ ငါ့မှာ ရင်တထိတ်ထိတ်နဲ့”

အရင်က အရက်ပုံမှန်သောက်နေရာကနေ အာစီယံဖက် ပြောင်းသွားတဲ့ ခင်ပွန်းဖြစ်သူနဲ့ အခုတလော အမြဲလိုလို ရန်ပွဲတွေ နွှဲနေရတယ်လို့ လည်းမသိမ်းချိုက ရင်ဖွင့်ပါတယ်။ ခင်ပွန်းဖြစ်သူ အရင်ကလို အရက်မသောက်တာကြောင့် ဝမ်းသာရပေမဲ့ အခုတော့ အာစီယံ စွဲနေတာကို သိလာရလို့ စိတ်ပျက်ရသလို တနေ့တခြား ပြောင်းလဲလာတဲ့ ခင်ပွန်းဖြစ်သူရဲ့ အပြုအမူတွေကိုလည်း စိုးရိမ်လာတယ်လို့ ဆိုပါတယ်။ အရပ်ထဲမှာတော့ မသိမ်းချိုလို အာစီယံအရေး ရတက်မအေးတဲ့ အိမ်ရှင်မတွေ၊ မိဘတွေ တနေ့တခြားတိုးလာနေပါတယ်။ 

သူတို့ စိုးရိမ်တဲ့ အချက်တွေကတော့ အာစီယံ သုံးထားရင် လူက ထိုင်းမှိုင်းနေပြီး အိပ်နေတတ်တာ/ အလုပ်တွေ မနေမနား လုပ်နေတတ်တာ၊ စကားသိပ်မပြောတော့တာ/စကားများများ ပြောလာတာ၊ ဆေးရည်ကို မသောက်ရရင် မနေနိုင်ဖြစ်လာတာ၊ ဆေးလိုလာတဲ့ အခါစိတ်မငြိမ်ဒေါသထွက်တတ်တာ၊ ဆေးလိုနေတဲ့ အချိန်မှာမျက်နှာနဲ့ ကိုယ်ခန္ဓာမှာ ချွေးတွေ တအားထွက်ပြီး ပုံမှန်မဟုတ်တာ စတဲ့ သူတို့ ကြုံရတဲ့ အရာတွေ ဖြစ်ပါတယ်။ အာစီယံ အမြဲတမ်းအဖွဲ့ဝင် ကိုဆန်းဦးကတော့ သူ့ဆေးက ဘေးမရှိဘူးလို့ ဆိုပါတယ်။ 

“ကျွန်တော်တို့က ဆေးဖြစ်ဝါးဖြစ် သောက်တာရယ်။ ဘာဥပါဒ်မှ မဖြစ်ပါဘူး။ ဒီအရွက်က ကျွန်တော်တို့လို အလုပ်ကြမ်းသမားတွေအတွက် အကြောအချဉ်ပြေတယ်၊ စိတ်ကြည်တယ်၊ အမောခံတယ်၊ ဘာမူးယစ်ဆေးမှ မဟုတ်ဘူး၊ ဆေးဆိုလို့ ချောင်းဆိုးပျောက်ဆေးပဲပါတာဗျ။ မယုံရင်သောက်ကြည့်ဗျာ နေလို့ထိုင်လို့ အရမ်း ကောင်းတယ်ဗျား” 

ကိုဆန်းဦးတို့ရဲ့ အာစီယံ ဖော်မြူလာမှာတော့ ဘိန်းစာရွက်ကို ထောင်းပြီး ပြုတ်၊ ရလာတဲ့ ပြုတ်ရည်ထဲ ဆေးဆိုင်မှာ အလွယ်ဝယ်လို့ ရတဲ့ ချောင်းဆိုးပျောက်ဆေးတမျိုးထည့်၊ ပြီးရင် ကိုကာကိုလာ အချိုရည်နဲ့ ရောသောက်တာပါ။ တချို့ ကတော့ ဘိန်းစာရွက် ပြုတ်ရည်ထဲ အသင့်ဖျော် ကော်ဖီအမှုန့်၊ သကြား၊ နို့စည်၊ ကိုကာကိုလာ၊ ချောင်းဆိုးပျောက်ဆေး၊ ခြင်ဆေးခွေက ရတဲ့ ပြာမှုန့်၊ လျှပ်စစ်မီးချောင်း/လုံးအထဲက အဖြူမှုန့် ပြဒါးတွေ စတာတွေပါထည့်ကြတယ်လို့ ဆိုပါတယ်။ 

ကျန်းမာရေးပညာရှင်တွေကတော့ အာစီယံ သုံးစွဲတာက ရေရှည်မှာ ကျန်းမာရေးပြဿနာဖြစ်နိုင်ပြီး အာစီယံဆေးချက်တဲ့ အခါထည့်တဲ့ ပစ္စည်းတွေ အလိုက် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဆိုးဆုံးကတော့ ဆေးစွဲမှု (Drug addiction) ဖြစ်ပြီး အဆုတ် အသည်း ကျောက်ကပ် အစာအိမ် စတာတွေမှာ ကင်ဆာဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံဆေးပညာရှင်များ အသင်းကထုတ်တဲ့ နိုက်တင်ဂေးလ် ဆေးပညာဂျာနယ်မှာ ဒေါက်တာသီဟနိုင်က ၂၀၁၂ ခုနှစ်ကတည်းက ရေးသား သတိပေးထားခဲ့ပါတယ်။ 

ဒါပေမဲ့လည်း ကိုဆန်းဦးလို အခြေခံ အလုပ်သမားအများစုကတော့ ဒါကို သိပ်မသိသလို အလေးလည်း မထားနိုင်ကြပါဘူး။ သူတို့မှာ တနေ့တခြားများလာနေတဲ့ လူမှု စီးပွားရေး ဖိအားတွေကို အာစီယံနဲ့ ဖြေနေပုံပါပဲ။ အာစီယံ မှီဝဲထားရင် စိတ်ရှင်းတယ် ငြိမ်တယ်ဆိုတာကြောင့် သူတို့တွေ့ကြုံလာရတဲ့ အလုပ်ရှားတဲ့ ပြဿနာ၊ ကုန်ဈေးနှုန်းတက်တာ၊ အိမ်စရိတ်မလောက်ငှတာ၊ အချိန်မရွေး အကြောင်းပြချက်မျိုးစုံနဲ့ အဖမ်းခံရနိုင်တာ စတဲ့ လူမှု စီးပွား စိတ်ဖိအားတွေကို အာစီယံက ကိုင်တွယ်ထားနိုင်တယ်လို့ ကိုဆန်းဦးက ပြောသလို အာစီယံကို နှစ်သက်ရခြင်းရဲ့ အခြားသော အကြောင်းပြချက်တစ်ခုကိုလည်း သူက မျှဝေပါသေးတယ်။ 

“အရက်ကဈေးတက်လာတယ်ဗျ၊ ပြီးတော့ အရက်သောက်ရင် အနံ့ထွက်တယ်၊ မူးရင် ကြည့်မကောင်းဘူး၊ အာစီယံ ကျတော့ ကျနော့်မှာ ဘိန်းစာရွက် အပင်ရှိတယ်၊ ဆေးက ဈေးသိပ်တော့ မတက်ဘူး၊ ကုတ် (Coke) ကလည်း ဈေးနည်းနည်းပဲတက်တယ်၊ ကော်ဖီမစ်လည်း ဈေးသိပ်မရှိဘူး ၊ သူငယ်ချင်းတွေနဲ့ စုဝယ်ချက်တာ၊ တရက်ကို နည်းနည်း ပုံမှန်သောက်ရင်ရပြီ၊ အရက်ထက်ပိုစွမ်းတယ်ဗျ”

အလုပ်သွားတိုင်း ၃၀၀ မီလီလီတာဆန့် ပလပ်စတစ် ကိုကာကိုလာ အချိုရည်ဘူးလေးထဲ အာစီယံဆေးရည်တွေ ဆောင်သွားတတ်တဲ့ ကိုဆန်းဦးတို့လို ပန်းရံသမားတွေနဲ့ အခြားသော အာစီယံ ကိုကာကိုလာဘူး ဆောင်ကြသူတွေမှာ  ကျပန်းလုပ်သူတွေ၊ ကုန်တင်ကုန်ချအလုပ်မားတွေ၊ ဥယျာဉ်ခြံ အလုပ်သမားတွေ နဲ့ ရေရေရာရာ အလုပ်မရှိသေးတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေပါ ပါပါတယ်။ ဆေးရဲ့ အရောင်ဟာလည်း ကိုကာကိုလာ အချိုရည်ရဲ့ အရောင်ထက် အနည်းငယ်သာ ရင့်တဲ့အတွက် အကြောင်းမသိရင်တော့ အချိုရည် ပဲထင်ကြမှာပါ။ 

ဒီလိုမျိုး မူးယစ်ဆေးတစ်မျိုးကို အရပ်ထဲမှာ ပြောင်ပြောင်တင်းတင်း သုံးစွဲလာနေပြီး လူမှုရေး ပြဿနာ အချို့ တိုးလာနေပေမဲ့လည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ အလုပ်လုပ်နေတဲ့ ရဲ နဲ့ ဆိုင်ရာ အဖွဲ့အချို့ကတော့ ဒီကိစ္စကို သိလျက်နဲ့ ဥပေက္ခာပြုထားဟန်တူပါတယ်။ အာစီယံ သုံးလို့ ၊ ချက်လို့၊ ဘိန်းစာရွက် စိုက်လို့ ဖမ်းတယ်ရယ်လို့ တခါမှ မရှိသေးပါဘူး။ တကယ်တော့ ဒီဘိန်းစာရွက်ကို မြန်မာနိုင်ငံကျန်းမာရေးဌာနက မူးယစ်ဆေးစွဲစေသော ပစ္စည်းလို့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် မူးယစ်ဥပဒေနဲ့ တရားစွဲလို့ ရတာမျိုးလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေဟာ လာဘ်စားပြီး ဒီလို မူးယစ်ဆေးကိစ္စတွေမှာပါဝင်နေတယ်လို့ Delta News Agency က ၂၀၂၁ ခု၊ ဒီဇင်ဘာလနှောင်းပိုင်းမှာ သတင်းတစ်ပုဒ်ဖော်ပြထားခဲ့ပါတယ်။ အဲဒီသတင်းထဲမှာ အာစီယံ မူးယစ်ဆေးရည် လိုဟာမျိုးဟာ မွန်ပြည်နယ်မှာ တော်တော် ပြန့်လာနေပြီလို့လည်း ဆိုထားပါတယ်။ အခုအချိန်မှာတော့ အာစီယံ အဖွဲ့ဝင်တွေ ဘယ်လောက်တောင် များနေပြီဆိုတာကို တိတိကျကျ သိဖို့ဆိုတာ ခဲယဉ်းပေမဲ့ တိုးလာနေတယ်ဆိုတာကတော့ မျက်မြင်ပဲဖြစ်ပါတယ်။ တချို့နေရာတွေမှာဆို ကျန်းမာရေး အကြောင်းပြလို့ အသက်ရွယ်စုံ၊ အမျိုးသမီးတွေကော သုံးလာတယ်လို့ ကြရပါတယ်။

ကျောင်းနားထားတဲ့ မြီးကောင်ပေါက် ယောက်ကျားလေးနှစ်ယောက်ကို နေ့တိုင်း စောင့်ကြည့် အကဲခတ် ထိန်းကျောင်းနေရတဲ့ ဦးဘခက် တစ်ယောက်ကတော့ အာဏာသိမ်းပြီးနောက် ယိုယွင်းသွားတဲ့ တရားဥပဒေ စိုးမိုးမှုကိစ္စနဲ့ စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်လုပ်နေတဲ့ အကျင့်ပျက်ရဲ တွေကြောင့် အခြေအနေတွေ ပိုဆိုးလာတယ်လို့ သူက ယူဆပါတယ်။

“ရဲတွေလား – အပြင်မထွက်ရဲဘူးဖြစ်မယ်။ မဟုတ်ရင်လည်း လူကောင်းသူကောင်းတွေကို လိုက်ဖမ်းနေရတာနဲ့တင် ဒီဖက်ကို လှည့်မအားတာဖြစ်မယ်။ ဖြစ်ဖို့များတာကတော့ ဒင်းတို့လည်း အာစီယံ အဖွဲ့ဝင်တွေ ဖြစ်မှာ – ရိုးရိုး အဖွဲ့ဝင်တော့ မဟုတ်ဘူး။ အဖွဲ့ကိုကြိုးကိုင်နေတဲ့ဥက္ကဋ္ဌ ရာထူးယူထားတာပဲ ဖြစ်မယ်”

ဦးဘခက် တစ်ယောက် သည်လို မှတ်ချက်ချပြီး လောကကြီးကို စိတ်ကုန်နေဟန် ခပ်ထေ့ထေ့ ပြုံးနေလို့နေပါတယ်။ အာစီယံ အရေး ရတက်မအေးတဲ့ သူထဲ သူလည်းပါနေတယ် မဟုတ်ပါလား။

ဝီလီယံ