ဥတုဘေးနဲ့ တောင်ပိုင်းသားများ

0
3044

မုတ်သုန်ဆုတ်သွားသည်မှာ ရက်ပေါင်း ၄၀ ခန့်ရှိသော်လည်း တနင်္သာရီတိုင်းတွင် မိုးရာသီအလား မိုးရွာသွန်းမှုများရှိနေသည်။

တနင်္သာရီတိုင်းမှာ ယခင်က မိုးများသည့်ဒေသတစ်ခု ဖြစ်သော်လည်း ဥတုဖောက်ပြန်မှုများကြောင့် လွန်ခဲ့သည့် ဆယ်နှစ်‌ကျော်တုန်းက အခြေအနေမျိုး မဟုတ်ဘဲ မိုးရွာသွန်းမှု ပုံစံများပြောင်းလဲလာနေသည်။

တနင်္သာရီတိုင်းတွင် ၂၀၁၁ ခုနှစ်က မိုးရေချိန် ၂၀၀ လက်မအထိရှိခဲ့သော်လည်း ၂၀၂၀ တွင် ၁၅၀ လက်မသာရှိတော့သည်။

ယင်းသို့ပင် မိုးရွာရက်မှာလည်း တစ်နှစ်ကို အရင်က ရက်ပေါင်း ၁၆၀ ခန့်ရွာလေ့ရှိ‌သော်လည်း ယခုတွင်တော့တစ်နှစ် ၁၃၅ ရက်ခန့်သာ ရွာတော့သည်။

ယခုနှစ်တွင်တော့ မိုးလွန်ကာလတွင် မိုးကောင်းနေပြန်သည်။

ပျက်စီးလာသည့် သဘာဝပတ်ဝန်းကျင် အခြေအနေပေါ်မူတည်ပြီး ရာသီဥတုများလည်း ဖောက်ပြန်လာသည်ဖြစ်ရာ ပြောင်းလဲလာသည့် ဥတုရာသီ အခြေအနေအပေါ် သိရှိနားလည်မှသာ ဆုံးရှုံးမှုနည်းနည်းဖြင့် လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

မိုးလွန်ကာလ မိုးကောင်းမှုကြောင့် တနင်္သာရီတိုင်းမှ တောင်သူများ၊ ဆားလုပ်ငန်း၊ ရာဘာလုပ်ငန်း၊ ကွမ်းသီးလုပ်ငန်း စသဖြင့် ရာသီကိုမှီပြီး လုပ်ကိုင်ကြသူများမှာ ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။

ယင်းအခြေအနေများကို ‘တနင်္သာရီပုံရိပ်’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“မင်းမမှန်ရင် မိုးလည်းမမှန်ဘူးတဲ့။ အခုလည်း အဲလိုမျိုးဖြစ်နေတာပေါ့”

လောင်းလုံးဒေသခံ လယ်သမား ဦးသာထူး

DW – ဒီနှစ်မိုးနောက်ကျတော့ လယ်သမားတွေဘယ်လို အခက်အခဲမျိုးတွေ ရင်ဆိုင်နေရလဲ။

ဖြေ – ဒီနှစ်မျိုးကတော့ တစ်ခါမှကိုမကြုံးဖူးသေးဘူး။ တော်တော်ကို ဒုက္ခရောက်ကြရတယ်။ ဘယ်လိုဒုက္ခလဲဆိုတော့ မြင်တဲ့အတိုင်းပဲ လယ်ထဲကနေ ရေစုပ်ထုတ်နေရတာသာကြည့်တော့။ ရေစုတ်ထုပ်လိုက် မိုးကရွာချလိုက်ဖြစ်နေတာ။ တကယ်ဆို ဒီအချိန်က စပါးရိတ်ပြီးသားဖြစ်နေရမှာ။

DW – တစ်ခြားလယ်သမားတွေရော ဒီလိုပဲအခက်အခဲဖြစ်နေကြတာလား။

ဖြေ – အခုကတော့ အားလုံးပဲဖြစ်နေကြတာပေါ့။ နဲနဲလယ်လုပ်ဦးတဲ့သူတွေလောက်ပဲ မိုးနဲ့လွတ်သွားကြတာ။ နောက်ကျတဲ့သူတွေကတော့ မိုးနဲ့လေနဲ့မိပြီး အားလုံး ဒုက္ခရောက်နေတာပေါ့။ စပါးမခြောက်လို့ နေလှန်းလိုက် ပြန်ရုပ်လိုက် လုပ်နေရတဲ့သူလည်းရှိတယ်။ လယ်ထဲထော်လာဂျီဆင်းမရလို့ စပါပုံကြီး စောင့်နေရတဲ့သူလည်းရှိတယ်။ တစ်ချို့ကတော့ ထမ်းသမားငှားပြီး ထမ်းထုတ်နေကြတာပေါ့။ တစ်ချို့ကျတော့လည်း အခုထိကို မရိတ်နိုင်ကြသေးဘူး။

ငါ့မှာလိုမျိူးပေါ့။ ရိတ်လို့ရအောင် ရေစုပ်ထုတ်နေရတာပေါ့။ ငွေလည်းကုန်၊ စိတ်ပင်ပန်း လူပင်ပန်းတော်တော်ဖြစ်ရတယ်။ ဒီနှစ်တော့။

DW – အထမ်းသမားက ဘာဖြစ်လို့ငှားရတာလဲ။ လယ်မြေမာအောင်စောင့်ပြီးမှ ထော်လာဂျီနဲ့သယ်လို့ရတယ်မဟုတ်လား။

ဖြေ – ရတော့ရတာပေါ့။ ဒါပေမဲ့ မိုးကနေ့တိုင်းပဲရွာနေတာ ဘယ်အချိန်စဲမယ်မှန်းမှမသိတာ။ အရင်တုန်းက ခေတ်ခါမျိုးဆိုရင်တော့ စောင့်ကြမှာပေါ့။ အခုက မစောင့်ရဲကြဘူးလေ။ ကိုယ့်အိမ်ရောက်မှ ကိုယ့်ပိုင်ဖြစ်တာ။ လယ်ထဲမှာရှိနေသေးရင် ကိုယ့်ဟာမဟုတ်သေးဘူး။ စပါးပုံထားလို့ရှိရင် ညဘက်ဆို ခိုးတယ်လေ။ အဲတော့ ရတဲ့နည်းနဲ့သယ်ကြတာပေါ့။ ထမ်းတင်လို့မရတဲ့သူတွေကျတော့ ခိုးပါရင်လည်း အလွန်ဆုံးခိုးရင် ငါးတင်း၊ ဆယ်တင်းပဲပိုမခိုးနိုင်ဘူးဆိုပြီး လယ်ထဲ(ညဘက်) ဆင်းမစောင့်ဘဲထားတဲ့သူလည်းရှိတယ်။ မျိုးစုံပဲခက်ခဲကတော့။

DW – စပါးပျက်စီးတာ‌တွေရှိသေးလား။

ဖြေ – ပျက်တာပေါ့။ စပါးအမှည့်လွန်ပြီး အပင်ကျိုးကျနေပြီလေ။ လေနဲ့မိုးနဲ့ဆိုတော့ ထောင်နေတဲ့စပါးတွေလည်းလဲကုန်ပြီ။ စက်နဲ့ရိတ်ရင်ပိုဆိုးတယ်။ ရှေ့ကစက်နဲ့ရိတ်သွား။ နောက်ကလူက စပါးနှံလိုက်ကောက်နေရတယ်။ စပါးနှံကောက်တဲ့သူတွေတောင် တော်တော်ရကြတယ်။

ရိတ်ထားပြီးသားစပါးဆိုလည်း အဲ့အတိုင်းပဲ။ မိုးရွာရင် ရုတ်မခံဘူး။ ရွှဲတာပဲ။ အဲဒါလည်းပျက်စီးတာရှိတယ်။ မိုးစိုရင် စပါးအပင်ထပေါက်တာလည်းရှိတယ်။ အခုဆို စပါးအသစ်ဆိုမဝယ်ရဲကြဘူး။ ဆန်အရင်ပြရတယ်။ ဆန်ကြေလည်းမကြေဘူး။ ဝါလည်းမဝါဘူးဆိုမှ ဝယ်ကြတာ။

DW – အခက်အခဲမျိုးစုံရင်ဆိုင်နေရတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ – အဓိကက မိုးကြောင့်ဖြစ်တာလေ။ မိုးရာသီလိုမျိုးကိုရွာနေတာကိုး။ ရှေးလူကြီးပြောတာရှိတယ်။ မင်းမမှန်ရင် မိုးလည်းမမှန်ဘူးတဲ့။ အခုလည်း အဲလိုမျိုးဖြစ်နေတာပေါ့။ ( မှတ်ချက် “မင်း” ဆိုတာ အုပ်ချုပ်သူကိုဆိုလိုသည်)။ တိုင်းပြည်ခေတ်ကာလကလည်းမကောင်း မိုးကလည်းမမှန်၊ ကုန်ဈေးနူန်းကလည်းကြီး လယ်သမားတွေမှာတော့ ခံဖို့ပဲရှိတယ်။ စံတယ်ဆိုတာ တစ်ခါမှကိုမရှိဘူး။

DW – ကျေးဇူးတင်ပါတယ်။

“တစ်ချို့ဆို ရော်ဘာခြံတွေ ရောင်းထုတ်နေကြတယ်”

ရေဖြူမြို့နယ် ရော်ဘာတောင်သူတစ်ဦး

DW – အခုထိ မိုးရွာနေတုန်းဆိုတော့ ရော်ဘာခြစ်ရတာ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ – ခြစ်လိုက်၊ နားလိုက်ပဲ။ မိုးရွာနေ့ဆို နားပေါ့။

DW – ခြစ်ရတဲ့နေ့နဲ့ နားရတဲ့နေ့ ဘယ်ကပိုများလဲ။

ဖြေ – ခြစ်ရတဲ့နေ့များတယ်။ ဒါပေမဲ့ ဒီအချိန်က နေ့တိုင်းခြစ်နေရမှာ။ ဒီအချိန်လေးပဲ ကောင်းကောင်းခြစ်ရတာကိုး။ တော်ကြာနွေတက်လာရင် ရော်ဘာအရွက်ချ( ရော်ဘာရွက်ကြွေကာလ)တော့မှာလေ။ အဲ့ခါကျရင်လည်းနားရဦးမှာ။ အခုများများခြစ်ရမယ့်အချိန်မှာ မိုးကလိုက်နေတော့ အဆင်မပြေဘူးပေါ့။

DW – အဆင်မပြေဘူးဆိုတာက ဘယ်လိုမျိုးကိုပြောတာလဲ။

ဖြေ – ဘယ်လိုမျိုးလည်းဆိုတော့ ကိုယ့်အတွက်မကိုက်ဘူးပေါ့။ များများခြစ်ရမယ့်အချိန် မခြစ်ရတော့လေ။ ပိုင်ရှင်မှာလည်း ပိုက်ဆံရတာနည်းမယ်။ အလုပ်သမားမှာလည်း ရတာနည်းမယ်။ တစ်နေ့မခြစ်ပဲထားလိုက်ရင် သုံး‌လေးသောင်းလောက်ဆုံးတာလေ။ တစ်ပတ်မှာ နှစ်ရက်ပဲထားဦး ‌လေးငါးခြောက်သောင်းသွားပြီလေ။ ရော်ဘာအပင်များရင် များသလောက် ပိုပြီးဆုံးရှုံးတာလေ။

DW – ဆုံးရှုံးမှုဖြစ်တဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ – မိုးက ကိုယ်တားလို့ရတာလည်းမဟုတ်တော့ ဘာပြောလို့ရမှာလဲ။ ရသလောက်ပဲ ခြစ်။ ခြစ်မရရင်ပစ်ထား အဲဒါပဲရှိတာပေါ့။

DW – မိသားစုစာဝတ်နေရေး ထိခိုက်တာရှိလား။

ဖြေ – အနည်းနဲ့အများတော့ ထိခိုက်တာပေါ့လေ။ ငွေအရင်းခံရှိတဲ့သူဆိုရင်တော့ ဘာမှမဖြစ်ပေမယ့် ဒီကရမှ စားနေရတဲ့သူတွေကျတော့ စားသောက်ရေး၊ ကျန်းမာရေးတွေကအစ အခက်အခဲဖြစ်သွားတာပေါ့။ တစ်နေ့ သုံးလေးသောင်းဆိုတာ နည်းတာမှမဟုတ်တာ။ အခုချိန် အလုပ်မရှိရင် ထမင်းငတ်မှာပဲ။ ဘယ်သူ့ဆီကမှ ခဏလှည့်ပါ‌ သွားချေးလို့ရတာမဟုတ်ဘူး။

DW – နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ – ရော်ဘာသမားတွေမှာက မိုးကြောင့်လည်းနား။ တော်ကြာ စစ်ကြောင်းထိုးတယ်ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုလည်း ကြောက်လို့ တောထဲမဝင်ရဲ။ အဲလိုဖြစ်နေတာ။ အခုကတစ်ခါ နည်းနည်းအေးနေတဲ့အချိန် မိုးကလည်း လိုက်နေပြန်တော့ အသက်ရှူရတာမချောင်ဘူး။ ‌အရမ်းဆိုးတဲ့နေရာတွေ အရှေ့တောတို့ ပကာရီတို့ဘက်မှာဆို အခုချိန်အထိ မခြစ်ရသေးတာတွေရှိတယ်လေ။ အဲလူတွေဘာနဲ့စားမလဲ စဉ်းစားကြည့်။ တစ်ချို့ဆို ရော်ဘာခြံတွေ ရောင်းထုတ်နေကြတယ်လို့ ကြားတယ်။ ခေတ်မကောင်းတော့ ဘာမှလုပ်စားကိုင်စားလို့ အဆင်မပြေဘူး။ အေးအေးချမ်းချမ်း ကိုယ့်အလုပ်ကိုယ် မလုပ်ရဘူး။ အဲလိုမျိုးဖြစ်နေတာ အရမ်းဆိုးနေတာပေါ့နော်။

DW – ‌ကျေးဇူးတင်ပါတယ်။

“(မိုးရွာလို့) ကျွန်မတို့မှာ အစကနေ ပြန်ပြန်လုပ်နေရတယ်လေ”

သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးကျေးရွာမှ ဆားလုပ်ငန်းရှင် ဒေါ်မြင့်စန်း

DW – အခုလက်ရှိ ဆားကွင်းတွေ ပြန်လုပ်နေနိုင်ပြီလားရှင့်။

ဖြေ – ရပ်ပြီးထားဆို မိုးနဲ့ကိုး၊ မိုးအေးရင်လည်း မရပဲကိုး၊ လူးတုန်းတွေ လူးနေတုန်း (မြေမာစေရန် ဒလိမ့်တုံးနဲ့လှိမ့်)အချိန်ကို မိုးရွာရင် တခါပြန်ပြီး အအေးပတ်သွားတယ်။ အခုမှ နေလာလို့ ပြန်စထားတယ်။ အစတုန်းကတော့ လုပ်ထားပြီးပြီ၊ လုပ်ထားပြီးပြီကို တစ်ခါ မိုးလာတယ်ဆိုတော့ တစ်ခါ နားထားလိုက်ရတာပေါ့နော်။ လုပ်လည်းဘာမှ မထူးပဲကိုး။ မိုးနဲ့ဆိုရင် ဘာမှ လုပ်မရဘဲကိုး၊ ခုမှ စလုပ်နေရတယ်။

DW – အခုဆို မိုးရွာနေတာကြောင့် ဘယ်လောက်နောက်ကျသွားလဲ

ဖြေ – ခုမှ ဒီဇင်ဘာမဟုတ်လား၊ အခုမှ မြေမာအောင် ဒလိမ့်တုန်းနဲ့ လူးနေတုန်းပဲရှိသေးတော့ ရေမွေးဖို့နဲ့ဆို ကြာဦးမယ်။ ခါတိုင်းက ဒီအချိန်ဆို ရေမွေးတဲ့အဆင့်ကို ရောက်နေပြီ။ အခုက ရေမမွေးရသေးဘူး။ ရေမွေးတဲ့ နားကိုမရောက်သေးဘဲကိုး။ လူးတုန်းတွေနဲ့ တအားလူးနေရတုန်းပဲရှိသေးတယ်။ ရက် ၂၀ လောက် နောက်ကျသွားတယ်။ အခုက ရေငန်နေအောင် လိုက်လုပ်နေရတုန်းပဲ ရှိသေးတယ်။

DW – ဒါဆို ဆုံးရှုံးမှုက ဘယ်လောက်ရှိလဲ။

ဖြေ – ဆုံးရှုံးမှုက ကျွန်မတို့မှာ လုပ်လိုက် မိုးရွာလိုက်၊ လုပ်လိုက် မိုးရွာလိုက်ဆိုတော့ လုပ်အားခတွေတော့ ဆုံးရှုံးနေတာပေါ့၊ တစ်ခါတည်းလည်း လုပ်မရဘူး။ တစ်ခါလုပ်လိုက် တစ်ခါမိုးထိ တစ်ခါပျက်၊ မိုးနဲ့တစ်ခါထိ တစ်ခါပျက်ဖြစ်နေပြီဆိုတော့ နောက်ထပ် မဆုံးရှုံးရအောင် နားပစ်လိုက်တာ။ လေတွေနေတွေသုန်မှပဲ(မိုးလေမှန်မှပဲ) တစ်ခါတည်း လုပ်တော့မယ်ဆိုပြီး အခုမှ စလုပ်ချနေတာ။ အခုမှ နှစ်ရက်ပဲရှိသေးတယ်။ လုပ်ချနေတာ။

ကျွန်မတို့မှာ အစကနေ ပြန်ပြန်လုပ်ရတယ်လေ၊ ဟိုလိုမျိုးပဲ တီဗီဆေးစားသလိုမျိုးပဲ တစ်နေ့ပျက်သွားရင် အစကနေ ပြန်စားရတယ်ဆိုသလိုမျိုးပဲပေါ့နော်။ အစတုန်းက လုပ်ထားတဲ့ဟာတွေကို အခုမှ စပြန်လုပ်ချနေရတယ်။

လုပ်အားခက တစ်နေ့ကို လူလေးယောက်ငှားတယ်ဆိုရင် လေးသောင်း၊ ရက် ၂၀ စာလောက် ဆုံးသွားတာပေါ့။

“(အကျိုးအမြတ်)တွက်ထားပြီးသား ဒါပေမဲ့ ဆုံးရှုံးမှုကို လိုက်ပြီးမခံစားဘူး”

ကံပေါက်ဒေသမှ ဆားကွင်း ဧက ၁၆၀ ခန့်ကို စုပေါင်းလုပ်ကိုင်နေသည့် ထားဝယ်မြို့မှ ဆားလုပ်ငန်းရှင် အမျိုးသားတစ်ဦး

DW – အရင်နှစ်တွေကလည်း ရာသီဥတုကြောင့် ဆားကွင်းပြင်တာနောက်ကျသလို သင်္ကြန်မှာမိုးရွာတာကြောင့်လည်း ဆားကွင်းစောစောသိမ်းခဲ့ရတယ် ဆိုတော့ ဒီနှစ်ရော အခြေအနေဘယ်လိုရှိလဲရှင့်။

ဖြေ – ပြင်နေတယ်၊ ရာသီဥတုက မိုးရွာလိုက်တာကြောင့် နောက်ကျသွားတာပေါ့နော်၊ အခု မိုးတစ်ခါရွာလိုက်ရင် အနည်းဆုံး ၁၅ ရက်လောက် နောက်ကျသွားတယ်။ အခုဆို တလလောက်နောက်ကျသွားပြီပေါ့၊ မိုးတစ်ခါရွာရင် မလွယ်ဘူးလေ။

DW – အရင်က ဘယ်အချိန်လောက်မှာ ဆားထွက်မယ်လို့ မှန်းထားလဲ။

ဖြေ – မှန်းတာကတော့ ၁၂ လပိုင်း ၁၅ ရက်နေ့လောက်ကို မှန်းတာပေါ့၊ အခုဆို ၁၂ လပိုင်းကုန်သွားလိမ့်မယ်။ ဒါတောင် မိုးမရွာမှနော်၊ မိုးရွာနေရင် ပုံသေပြောလို့မရဘူး။ ဒီအလုပ်ကို ပုံသေပြောလို့မရဘူး။ အဓိကတော့ ရာသီဥတုပဲ။ နေဆက်တိုက်ပူရင်တော့ ၁၂ လပိုင်းကုန်လောက်ထွက်မှာပေါ့၊

DW – ဒီလို နောက်ကျတဲ့အတွက် ထွက်နှုန်းလျော့သွားမလား၊ ဥပမာ တစ်နေ့နောက်ကျတယ်ဆိုရင် ကိုယ့်အတွက် ဆားထွက်နှုန်းဘယ်လောက် လျော့သွားနိုင်လဲပေါ့။

ဖြေ – ဒီလုပ်ငန်းကို ပုံသေလုံးဝ တွက်လို့မရဘူး။ နေရောင်ခြည်ပဲ၊ ဒီနေ့ မိုးအုပ်ချင်အုပ်မယ်၊ နေပူချင်ပူမယ်။ ပုံသေ မရှိဘူး။ နေဆက်တိုက်ပူမယ်ဆိုရင်တော့ ထွက်နှုန်းလည်း မနှစ်တုန်းကလောက် မလျော့ဘူးလေ။

DW – ဒီနှစ်က အရင်နှစ်တွေကထက် ရာသီဥတုမမှန်ဘူးပေါ့နော်၊ ဒီအတွက် ကိုယ့်လုပ်ငန်းမှာ ထိခိုက်တာတွေ၊ နစ်နာ ဆုံးရှုံးတာတွေရှိလား။

ဖြေ – ဦးက ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ဟာမှာ လုပ်ငန်းအောင်မြင်အောင်ပဲ ကြိုးစားတယ်ပေါ့နော်၊ ကိုယ့်လုပ်ငန်းကို သူများထက်သာအောင်လုပ်မယ်၊ သူများထက် အိုင်ဒီယာ (စိတ်ကူးစိတ်သန်း) မြင့်အောင်လုပ်မယ်၊ ဗမာပြည်မှာ မလုပ်သေးတဲ့ နည်းစနစ်တွေနဲ့ ထိုးထွင်းပြီးလုပ်မယ်၊ တကယ်ရာသီဥတုကိုကျတော့ ကိုယ်ဖန်တီးလို့မရဘူး၊ ရာသီဥတုက သူ့ဘာသူ ဖောက်ပြန်တာ ကိုယ့်အနေနဲ့ တားဆီးလို့မရဘူး၊ ကိုယ့်လုပ်ရတာပဲ ကိုယ်လုပ်လို့ရတယ်၊ နည်းပညာပိုင်းကိုသာ မြင့်မြင့်မားမားဖြစ်အောင် ကိုယ်ကြိုးစားပြီးလုပ်လို့ရတယ်။ သူများနဲ့မတူအောင် ပလပ်စတစ်ခင်းပြီးလုပ်ထားတယ်၊ အဲလိုဆိုတော့ သိပ်ပြီးပြဿနာမရှိဘူး။

လုပ်ငန်းတစ်ခုလုပ်တာ သူများတွေ တွက်ချင်တွက်မယ်၊ ဦးမှာ အဲ့လိုတွေ တွက်တာမရှိဘူး။ တွက်ထားပြီးသား ဒါပေမဲ့ ဆုံးရှုံးမှုကို လိုက်ပြီးမခံစားဘူး။

DW – အခုက ဆားထွက်အောင်လုပ်လို့မရသေးတဲ့ အခြေနေမျိုးလား၊

ဖြေ – မြေမာအောင်လုပ်မရသေးဘူးပေါ့နော်၊ ရေမွေးဖို့ကို မိုးရွာလိုက်တော့ အဲလိုပြဿနာရှိတယ်ပေါ့၊ အဲလောက်ပဲ တခြားဟာ မရှိဘူး။

“မရှိတဲ့ကြားမှာ မိုးနဲ့လေနဲ့ လုပ်စားနေရတာ”

သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာမှ ကွမ်းသီးခြံလုပ်ကိုင်သူ ဒေါ်ဝင်းဝင်းခက်

DW – ကွမ်းသီးက အခု မိုးရွာနေတာဆိုတော့ လှမ်းရတာ အဆင်ပြေရဲ့လား။

ဖြေ – နည်းနည်းမှ အဆင်မပြေဘူး၊ ကွမ်းသီးလှမ်းရတာလည်း အဆင်မပြေ၊ အလုပ်သမားငှားရတာလည်း ဈေးကကြီး၊ ကွမ်းသီးဈေးကလည်းမရှိ ဒီတစ်နှစ်မှာ ဒုက္ခဖြစ်တာတော့ မပြောနဲ့တော့။ မိုးနေ့တိုင်းရွာတယ်။ ကွမ်းသီးလှမ်းလို့ မရဘူး။ မိုးလင်းပိုင်း တနပ်စာလှမ်း ကော်ပိုင်းတွေဝယ်ဖုံး၊ ဖုံးလို့မခံတဲ့ဟာ ရွှဲ အဲလို ဖြစ်နေတယ် အမတို့မှာ။

DW – ကွမ်းသီးမိုးထိရင် ဘာဖြစ်လဲ။

ဖြေ – ကွမ်းသီးမိုးထိရင် ရုပ်ဆိုးသွားတယ်၊ မျက်နှာပြင်ရုပ်ဆိုးသွားရင် ဈေးလျော့သွားတယ်၊ ကွမ်းသီးကောင်းထက် တပိသာကို ၅၀၀ လောက် ခွာသွားတယ်။ ကွမ်းသီးသစ်ဈေးက အခုလက်ရှိ ၄၈၀၀ ဈေးဖြစ်နေတယ်။

DW – ခါတိုင်းနှစ်တွေရော အခု ဒီနှစ်လိုပဲ မိုးနဲ့ကြုံရလား။

ဖြေ – မဖြစ်ဖူးဘူး။ အခုမိုးလာတာမျိုး တနှစ်လည်း မကြုံဖူးဘူး။ မရှိတဲ့ကြားမှာ မိုးနဲ့လေနဲ့ လုပ်စားနေရတာ တို့တွေတော့ ဘယ်လိုမျိုး ဒုက္ခတွေထပ်ကြုံရဦးမလဲ မသိဘူးဆိုပြီး တွေးနေတာပဲ။ ရာသီဥတုကလည်း မကောင်း ဈေးကွက်ကလည်း မကောင်းဆိုတော့ ကိုယ်လုပ်စားလာတဲ့ သက်တမ်းတစ်လျောက်မှာ ဒီတစ်နှစ်က ကံဆိုးတဲ့နှစ်ပဲလို့ ကိုယ့်ဘာကိုယ် သတ်မှတ်ပြီးနေရတာပဲ။ သူများကိုလည်း အပြစ်ပြောလည်း မရဘဲကိုး။ နှစ်တိုင်းက မိုးမလာတာမဟုတ်ဘူး။ လာတယ်။ မိုးရွာတာ တစ်ရက် နှစ်ရက် သုံးရက် ဒိတ်ကုန်ပဲလေ၊ အခုက နေ့တိုင်းလိုလိုဖြစ်နေတော့ ပြေးလှမ်းလိုက် ပြေးရုတ်လိုက် အဲလိုဖြစ်နေတယ်။ ပြီးတော့ အလုပ်သမားတွေ ခေါ်ထားတာကလည်း သူတို့လည်း မနိုင်ပြီလေ။ အဲဆို ကိုယ်တွေက အလုပ်သမားတွေ ခေါ်ရတာခက်ခဲတယ်။ ဈေးကြီးပေးခေါ်ရတယ်။ ရောင်းရချိန်မှာလည်းကိုယ့်မှာ ဈေးကွက်ကမရှိဆိုတော့ အဲဒါနဲ့ ဒုက္ခဖြစ်နေကြတာပေါ့။