ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3518

ယခုအပတ်တွင် ရွှေ နှင့် ဘတ်ဈေးမှာ အလှုပ်အခတ် အနည်းငယ်သာရှိပြီး  ဈေးငြိမ်နေသည်။

ထိုသို့ ဈေးငြိမ်နေသည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်ပြီး ဈေးအပြောင်းအလဲ အနည်းငယ်သာရှိသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အတက်အကျ တစ်သောင်းသာရှိသည့် ရွှေဈေး

အခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းခွဲဝန်းကျင်ဖြင့် ဈေးငြိမ်နေပြီး အတက်အကျမှာ ကျပ်တစ်သောင်းသာရှိသည်။

ဒီဇင်ဘာလ ၅ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခွဲဖြင့် ရောင်းချနေသည်။

ဗုဒ္ဓဟူးနေ့တွင်မူ ကျပ်တစ်သောင်းဈေးကျသွားပြီး နောက်ရက်များတွင် ဈေးအပြောင်းအလဲမရှိဘဲ တန့်နေခဲ့သည်။

ဈေးတန့်နေသည့်အတွက် ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်ရှိလာကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ရောင်းရ မရောင်းရဆိုတာက ရွှေဈေး အတက်အကျထက် ကိုယ့်ဖောက်သည်တွေ ဝယ်နိုင် မဝယ်နိုင် အပေါ်မှာလည်း အများကြီးမူတည်တယ်ရှင်” ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

လက်ရှိအချိန်တွင် ထားဝယ်ဒေသ၌ ကွမ်းသီး၊ရော်ဘာ စသည့် ခြံထွက်သီးနှံများ ထွက်သည့် ကာလဖြစ်သည်။

ပြားစွန်းစွန်းသာ လှုပ်သည့် ဘတ်ဈေး

ထိုင်းဘတ်လဲနှုန်းမှာ ပြားစွန်းစွန်းသာ အတက်အကျရှိပြီး အလှုပ်အခတ်နည်းနေခဲ့သည်။

တနင်္လာနေ့(ဒီဇင်ဘာလ ၅ ရက်)က  ထိုင်းငွေတစ်ဘတ်လျှင် ၈၀ ကျပ်စွန်းစွန်း  ပေါက်ဈေးရှိခဲ့ပြီး နောက်ရက်များတွင်လည်း မဆိုစလောက်သာ အတက်အကျ ဖြစ်ခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၀ ကျပ်တိတိ ပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၂၅၀ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည် ဖြစ်သည်။

ကျလာသည့် စက်သုံးဆီဈေး

ရွှေနှင့် ဘတ်ဈေးငြိမ်နေသလောက် စက်သုံးဆီဈေးမှာ ကျရိပ်ပြလာပြီး တစ်လီတာလျှင် ကျပ်နှစ်ထောင်အောက် ရောက်လာသည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၆၀ ကျပ်ရှိခဲ့သည်။

ထိုနောက် ဗုဒ္ဓဟူးနေ့တွင် ဈေးကျလာပြီး တစ်လီတာလျှင် ၁၉၁၀ ကျပ်ဖြစ်သွားခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ် မူတည်ပြီး တစ်လီတာလျှင် ၂၄၀၀ ကျပ်မှ ကျပ် ၃၂၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်တွင်လည်း ပြည်တွင်းရွှေဈေးမှာ ကြီးမားသည့် ဈေးအပြောင်းအလဲ ဖြစ်လာမည့် အနေအထားမရှိဘဲ ကျပ်သောင်းဂဏန်းသာ အတက်အကျ ရှိနေမည်ဟု ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေဈေးမှာ အလှုပ်အခတ်ရှိနေပြီး ရွှေတစ်အောင်စလျှင် ၁၇၉၇ ဒေါ်လာ ဈေးပေါက်နေသည်။

အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်းထားမှာ ငြိမ်နေပြီး  တစ်ဒေါ်လာလျှင် ၂၈၅၀ ကျပ် ဝန်းကျင်ရှိနေသည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် ဝယ်လိုအား အသင့်အတင့် ရှိလာသည့်အတွက် ဈေးအပြောင်းအလဲ ကျပ်သောင်းဂဏန်းသာရှိလာနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ဈေးအတက်အကျနည်းပြီး လက်ရှိနှုန်းထား အတိုင်းပင်ရှိနေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲဈေးအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ပေါက်ဈေးမှာ အနည်းငယ်တက်နေသော်လည်း ပြည်တွင်းအခြေအနေနှင့် ဒေါ်လာငွေလဲနှုန်းများကြောင့် အကျဘက်တွင်သာ ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။