လောင်းလုံး ချောင်းဖျားကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
4105

လောင်းလုံးမြို့နယ် ချောင်းဖျားကြီးကျေးရွာက အုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၆၈ နှစ်အရွယ် ဦးညိုအေးဆိုသူဖြစ်သည်။

ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီခန့်တွင် လက်နက်ကိုင်လူတစ်စု ချောင်းဖျားကြီးရှိ ဦးညိုအေးနေအိမ်သို့ရောက်လာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ‌ဒေသခံတို့က ပြောသည်။

“အရင်ဆုံးအိမ်ပေါ်ကနေ မိသားတစ်စုလုံးခေါ်ချတယ်။ နှစ်နှစ်ကလေးကအစပါတယ်။ ပြီးမှ မဆိုင်တဲ့သူတွေသွားတော့လို့ လွှတ်လိုက်ပြီးမှ ပစ်သတ်လိုက်တာ” ဟု ဒေသခံတစ်ဦးကဆိုသည်။

သေဆုံးသူ ဦးညိုအေးမှာ ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာသားဖြစ်ပြီး ချောင်းဖျားကြီးရွာတွင် အိမ်ထောင်ကျနေသူဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

ပစ်သတ်ခံရပြီးနောက် အလောင်းကို ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားပြီး ချောင်းဖျားကြီးသို့ ပြန်သယ်မလာတော့ဘဲ ကဒက်ငယ်ထိန်ကျေးရွာတွင် ထားရှိ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ဦးညို‌အေးဦးခေါင်းတွင် သေနတ်ဖြင့်ပစ်ခတ်ထားသည်ဟု ယူဆရသည့် အပေါက်များကိုတွေ့ရကြောင်း အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးကဆိုသည်။ 

ဒေသခံအချို့ကမူ ဦးညိုအေးအားဒလန်ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်သွားကြောင်း ပြောဆိုကြသော်လည်း အတည်မပြုနိုင်ပေ။

လောင်းလုံးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဘက်ကလည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဦးညိုအေးအသတ်ခံရသည့် ကျေးရွာအနီးတွင်မူ နိုဝင်ဘာလ ၂၃ ရက်က ပျူစောထီးအဖွဲ့ဝင် ဆိုသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့သည်။

ယင်းနောက် နိုဝင်ဘာလ ၂၅ ရက်တွင် ညောပြင်ကျေးရွာသို့ စစ်ကောင်စီတပ်နှင့် ပျူးစောထီးအဖွဲ့တို့က ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားရာ ဒေသခံအမျိုးသား ၂ ဦး ပစ်သတ်ခံရပြန်သည်။

ဒေသခံ ဆယ်ချီကိုလည်း စစ်ကောင်စီကဖမ်းဆီးခဲ့သည်။ ယင်းဖြစ်ရပ်ပြီးနောက် ညောပြင်ရွာသားများ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ရပြီး ယခုအခါ တစ်ချို့ပြန်လာနေကြပြီဖြစ်သည်။

ဦးညိုအေးပစ်ခတ်ခံရသော ချောင်းဖျားကြီးရွာနှင့် ညောပြင်ရွာမှာ လခြမ်းပုံသဏ္ဍန် ပင်လယ်ကမ်းခြေ ဟိုဖက်စွန်းသည်ဖက်စွန်းတွင် တည်ရှိသည်။ သို့သော် ကား၊ ဆိုင်ကယ်တို့ဖြင့် ကုန်းကြောင်းတိုက်ရိုက်မသွားနိုင်ပေ။