ပြင်သစ်နဲ့ အင်္ဂလန် အားပြိုင်မယ့်ည၊ မော်ရိုကို ဘာလုပ်ပြနိုင်မလဲ ဆက်စောင့်ကြည့်ရမယ့်ည

0
3157

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ သီအိုရီအရဆိုရင်တော့ မနေ့တုန်းက ကွာတားဖိုင်နယ်ပွဲစဉ် နှစ်ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်တွေအထိ ရောက်ခဲ့တာကြောင့် ဒီနေ့ နှစ်ပွဲမှာ အဲ့ဒီလိုတွေ ပြန်ဖြစ်လာဖို့ မလွယ်နိုင်လောက်ပါဘူး။ အနိမ့်ဆုံးအဖြစ် ဒီနေ့ပွဲစဉ် နှစ်ပွဲမှာ တစ်ပွဲက မိနစ် ၉၀ အတွင်း အဖြေပေါ်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲထဲမှာ အရှုံးရလဒ် လုံးဝမကြုံတွေ့သေးတဲ့ အသင်းသုံးသင်း ကျန်နေပါသေးတယ်။

အဲ့ဒီသုံးသင်းအနက်က နှစ်သင်းဟာ ဒီနေ့ညမှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကြတော့မှာပါ။ ဒီနှစ်သင်းကတော့ မော်ရိုကိုနဲ့ အင်္ဂလန်တို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီခွဲအချိန်မှာ မော်ရိုကိုနဲ့ ပေါ်တူဂီတို့ အားပြိုင်ဖို့ ရှိနေပြီး နောက်တစ်နေ့ကို ကူးပြောင်းပြီးလို့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲကိုရောက်ရင်တော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ ယှဉ်ပြိုင်တော့မှာပဲဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ဆီ နောက်ထပ် တက်လှမ်းလာမယ့်အသင်းနှစ်သင်းကို ရင်ခုန်လိုက်ကြပါစို့လား။