တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3287

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ

ပီရူးမှာ သမ္မတဟောင်းကို ဖမ်းဆီးပြီးနောက် အမျိုးသမီးသမ္မတအသစ် တက်လာ

ပီရူးနိုင်ငံမှာ သမ္မတဟောင်း ပီဒရို ကတ်စတီလို (Pedro Castillo) ကိုထိန်းသိမ်းခံခဲ့ရပြီးနောက် ဒုသမ္မတ ဒီနာဘိုလူအာတာ (Dina Boluarte) က   ဒီဇင်ဘာ ၇ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ပီးရူးနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာခဲ့ပါတယ်။

သမ္မတသစ် ဖြစ်လာတဲ့ ဒီနာဘိုဘူအာတာဟာ နိုင်ငံရေးအရ ပဋိပက္ခတွေရပ်စဲဖို့ တောင်းဆိုခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး ပုန်ကန်မှု၊ ပူးပေါင်းကြံစည်မှုတို့နဲ့ စွပ်စွဲခံထားရတဲ့ သမ္မတ ပီဒရို ကတ်စတီလိုကတော့ ဒီဇင်ဘာလ ၇ ရက်က ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

လွှတ်တော်အမတ်တွေက ကတ်စတီလိုရဲ့ လွှတ်တော်အသစ်ခေါ်ယူဖို့ ကြိုးပမ်းမှုအပေါ် လျစ်လျူရှုပြီး အရင်ကစီစဉ်ထားတဲ့ စွပ်စွဲပြစ်တင်မှုဆိုင်ရာ တရားခွင်အတိုင်းဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။

တရားလွှတ်တော်မှာ သမ္မတကတ်စတီလိုကိုဖယ်ရှားဖို့အတွက် ထောက်ခံမဲ ၁၀၁ မဲ၊ ကန့်ကွက်မဲ ၆မဲနဲ့ ကြားနေမဲ ၁၀မဲနဲ့ မဲခွဲဆုံးဖြတ်ခဲ့ တာပါ။

ရာထူးကနေ မဲပေးဖြုတ်ချခံခဲ့ရတဲ့ ပီရူးသမ္မတ ပီဒရို ကတ်စတီလိုအပေါ် ထောက်ခံသူတွေနဲ့ အဓိ ကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့တို့အကြား ဒီဇင်ဘာလ ၇ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။

Ref: BBC

………………………………..

ဗီယက်နမ်က ပထမဆုံး နိုင်ငံတကာ လက်နက်ပြပွဲ ကျင်းပ

ဗီယက်နမ်နိုင်ငံက နိုင်ငံရဲ့ ပထမဆုံး အကြီးစား နိုင်ငံတကာ လက်နက်ပြပွဲကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

နိုင်ငံအတွက် လက်နက်ရင်းမြစ်တွေကို နိုင်ငံပေါင်းစုံကနေ ရယူနိုင်ဖို့နဲ့ ပြည်တွင်းထုတ် လက်နက်ကိရိယာတွေကိုပါ အခြားနိုင်ငံတွေကို တင်ပို့နိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ပြပွဲကို ဟနွိုင်းရဲ့ လေဆိပ်မှာ သုံးရက်ကြာ ကျင်းပမှာဖြစ်ပြီး အမေရိကန်၊ ရုရှားနဲ့ ဥရောပနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၃၀ ရဲ့ လက်နက်တွေကို ပါဝင်ချပြခဲ့ကြတာပါ။

ဗီယက်နမ်ဟာ သူ့ရဲ့ အဓိက လက်နက်ထောက်ပံ့သူဖြစ်တဲ့ ရုရှားအပေါ် မှီခိုအားထားမှုတွေကို လျှော့ချဖို့ ကြိုးပမ်းနေသလို ကာကွယ်ရေးအပိုင်းမှာ တစ်ခြားနိုင်ငံကနေ လက်နက်ဝယ်ယူဖို့လည်း အာရုံစိုက်နေတယ်လို့ လေ့လာသူတွေကနေ သုံးသပ်ခဲ့ကြပါတယ်။

Ref: REUTERS

………………………………..

သပိတ်မှောက်ယာဉ်မောင်းတွေ အလုပ်ပြန်ဆင်းဖို့ တောင်ကိုးရီးယား အမိန့်ထုတ်

တောင်ကိုရီးယားအစိုးရက ၁၄ ရက်ကြာ သပိတ်မှောက်နေတဲ့ ကုန်တင်ယာဉ်မောင်းတွေအထဲက ကာဂို ထရပ်ကားသမား ထောင်ချီကို အလုပ်ပြန်ဆင်းကြဖို့ ဒီဇင်ဘာ ၈ ရက်မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးနဲ့ ကုန်စည်ပို့ဆောင်မှု နှောင့်နှေးရင် ထုတ်လုပ်မှုတွေကလည်း လာမယ့် သီတင်းပတ် အကုန်မှာ ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးက ဆိုထားပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း အစိုးရက ဘိလပ်မြေစက်ရုံရဲ့ သပိတ်မှောက်ယာဉ်မောင်း ၂၅၀၀ ကို လမ်းပေါ်ပြန်တက်ခိုင်းပြီး အလုပ်ပြန်လုပ်ဖို့ အမိန့်ထုတ်ခဲ့ပါသေးတယ်။

လိုက်နာဖို့ပျက်ကွက်မယ်ဆိုပါက လိုင်စင်ဖျက်သိမ်းတာ ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ဒဏ်ငွေ ဝမ်သန်း ၃၀ အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Ref: DW

………………………………..

တရုတ်ရဲ့ စွမ်းအင်မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ဆော်ဒီပြော

ဆော်ဒီက တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ စွမ်းအင်မိတ်ဖက်အဖြစ် ဆက်လက်ရှိနေဖို့ တရုတ်သမ္မတနဲ့ ဆော်ဒီခေါင်းဆောင်များကနေ ဒီဇင်ဘာလ ၈ ရက်နေ့က သဘောတူခဲ့ကြပါတယ်။

ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သူဆော်ဒီနဲ့ ရေနံတင်သွင်းသူတရုတ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ရေနံဈေးကွက်တည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ဖို့ ကူညီပေးနိုင်တယ်လို့ အိမ်ရှေ့မင်းသားဆယ်လ်မန်ကပြောကြားခဲ့ပါတယ်။

ဆော်ဒီအာရေဗျနဲ့ တရုတ်တို့၏ နီးကပ်တဲ့ ဆက်ဆံရေးခိုင်မြဲမှုကို သဘောကျပြီး အရှေ့အလယ်ပိုင်းဒေသရဲ့ စွမ်းအင်မိတ်ဖက်ကောင်းတစ်ခုအနေနဲ့ ရှိနေခဲ့ကြောင်း အိမ်ရှေ့မင်းသားကနေ ပြောကြားခဲ့ပါတယ်။

Ref: Xinhua

………………………………..

ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် နိုင်ငံ ၈နိုင်ငံ ပူးပေါင်းတည်ဆောက်မှုစတင်

၂၁ ရာစုအတွင်း အကြီးမားဆုံး သိပ္ပံစီမံကိန်းတွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကို နိုင်ငံ ၈ နိုင်ငံကနေ ပူးပေါင်းတည်ဆောက်မှုတစ်ခု ဒီဇင်ဘာလ ၅ ရက်နေ့ကစတင်ခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေကတော့ တောင်အာဖရိက၊ သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်တို့ ဖြစ်ကြပါတယ်။

ရေဒီယို တယ်လီစကုပ်ကြီးက Square Kilometre Array (SKA) အမျိုးအစားဖြစ်ကာ ၂၀၂၈ ခုနှစ်မှာ တည်ဆောက်ပြီးစီးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ်ကို တောင်အာဖရိကနဲ့ သြစတြေးလျနိုင်ငံတွေမှာ နှစ်နေရာခွဲလို့ တည်ဆောက်မှာဖြစ်ပြီး ထိန်းချုပ်ရာဌာနကတော့ ဗြိတိန်မှာ ထားရှိမှာဖြစ်ပါတယ်။

အိုင်းစတိုင်းရဲ့ သီအိုရီတွေ ကမ္ဘာနဲ့ အလားတူတဲ့ ဂြိုဟ်တွေ စတဲ့သိပ္ပံပညာရပ်ဆိုင်ရာ မေးခွန်းတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

တိုင်းမ်မဂ္ဂဇင်းက ယူကရိန်းသမ္မတကို ၂၀၂၂ ခုနှစ်ရဲ့ သြဇာအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်

တိုင်းမ်မဂ္ဂဇင်းကနေ ယူကရိန်းသမ္မတ ဇလန်းစကီးကို ၂၀၂၀ ခုနှစ်ရဲ့ သြဇာ လွှမ်းမိုးမှု အကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ဇလန်းစကီးက ယူကရိန်းပြည်သူတွေကို စိတ်ဓာတ်တက်ကြွစေပြီး ရုရှားရဲ့ ထိုးစစ်တွေကို တွန်းလှန်ရဲတဲ့ သတ္တိတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ချီးကျူး ဂုဏ်ပြုဆုတွေ ဆွတ်ခူးနိုင်ခဲ့တယ်လို့ တိုင်းမ်မဂ္ဂဇင်းကနေ ရေးသားခဲ့တာပါ။

ရုရှား-ယူကရိန်းအရေးစတင်ချိန် ကိယက်ဗ်ကနေ ထွက်ခွာဖို့ ငြင်းဆိုခဲ့တဲ့ ဇလန်းစကီးက မြို့တော်ကနေ ရုပ်သံ ထုတ်လွှင့်ကာ လှုံဆော်စည်းရုံးခဲ့ပြီး စစ်ဘေးသင့်နေတဲ့ နေရာအနှံ့ကို သွားရောက်အားပေးခဲ့တာကြောင့် အဆိုပါဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါဆုကို ၂၀၂၁ ခုနှစ်က ရရှိခဲ့သူကတော့ တက်စလာပိုင်ရှင် အီလွန်မတ်စ်ဖြစ်ခဲ့ပါတယ်။

Ref: BBC

………………………………..

အင်ဒိုနီးရှားက အိမ်ထောင်မပြုခင် လိင်ဆက်ဆံခြင်းကို တားမြစ်

အင်ဒိုနီးရှားလွှတ်တော်က အိမ်ထောင်ဘက်မဟုတ်သူ၊ လက်မထပ်ရသေးတဲ့သူတွေနဲ့ လိင်ဆက်ဆံခြင်းကို တားမြစ်လိုက်တဲ့ ရာဇဝတ် ဥပဒေတစ်ရပ်ကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဥပဒေကို အင်ဒိုနီးရှားနိုင်ငံသားတွေသာမဟုတ်ဘဲ နိုင်ငံခြားသားတွေပါ လိုက်နာရမှာြဖစ်ပြီး ချိုးဖောက်ခဲ့ပါက ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ထိုဥပဒေက ဒီမိုကရေစီနိုင်ငံကြီးမှာ လူမှုလွပ်လပ်ခွင့်ကို ထိခိုက်စေမဲ့ ဥပဒေဆိုင်ရာ အပြောင်းအလဲတစ်ခုလို့ ဆိုကြပါတယ်။

စီးပွားရေး အဖွဲ့အစည်းတွေကလည်း ထိုဥပဒေကြောင့် ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာတွေမှာ အင်ဒိုနီးရှားအပေါ် နိုင်ငံတကာအမြင်တွေ ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

Ref: BBC

………………………………..

ကိုလံဘီယာ မြေပြိုမှု ၃၄ ဦး ထက်မနည်းသေဆုံး

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းရှိ လမ်းတစ်ခုမှာ မြေပြိုကျလို့ ဘတ်စ်ကားတစ်စီးနဲ့ အခြားယာဉ်တွေ ပိတ်မိခဲ့ကြပြီး လူပေါင်း ၃၄ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သမ္မတဂူစတာဗိုပီထရိုက ပြောကြားခဲ့ပါတယ်။

ပွေဘလိုရီကို (Pueblo Rico) မှာ ဒီဇင်ဘာလ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ အရွယ်မရောက်သေးသူတွေအပါအဝင် လူတွေအသက်ဆုံးရှုံးခဲ့ရလို့ ဝမ်းနည်းကြေကွဲရတယ်လို့ သမ္မတက တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မြေပြိုမှုထဲကနေ ၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အသက်ရှင်သူတစ်ဦးကတော့ ကားသမားက မြေပြိုမှုကို ရှောင်တိမ်းဖို့ ကြိုးစားခဲ့သေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ခရီးသည် ၂၅ ဦးလိုက်ပါလာတဲ့ အဆိုပါဘတ်စ်ကားဟာ ကာလီ မြို့ကနေ ထွက်ခွာလာခဲ့တာ ဖြစ်တယ်လို့ အရပ်ဘက်ကာကွယ်ရေးအရာရှိတွေက ပြောကြားခဲ့ပါတယ်။

Ref: The Strait Times

………………………………..

တရုတ်မှာ လေထုညစ်ညမ်းလို့ နှစ်စဉ် သန္ဓေသားကလေး ခြောက်သောင်းကျော် သေဆုံးနေ

တရုတ်နိုင်ငံမှာ လေထုညစ်ညမ်းလို့ နှစ်စဉ် ကလေးငယ်ပေါင်း ခြောက် သောင်း လေးထောင်ကျော်ဟာ မမွေးဖွားမီ မိခင်ဝမ်းထဲ သန္ဓေတည်စဉ်ကတည်းက သေဆုံးလေ့ရှိတယ်လို့ သုတေသီတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးရတဲ့ အဓိကတရားခံကတော့ ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းရာကနေ ထွက်ပေါ်လာတဲ့ ၂ ဒသမ ၅ မိုက်ခရွန် (PM2.5) ထက် သေးငယ်တဲ့ အမှုန်အမွှားတွေကြောင့်လို့ ဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ ပေကျင်းအစိုးရက ကြိုးစားပေမဲ့ သေဆုံးသူ အရေအတွက်က မထင်မှတ်ထားလောက်အောင် များပြားနေတာ ဖြစ်ပါတယ်။

သန္ဓေတည်စဉ်ကတည်းက သေဆုံးမှု ဖြစ်ပွားနေတဲ့ နိုင်ငံအားလုံးကို လေ့လာစိစစ်ကြည့်တဲ့အခါ တရုတ်နိုင်ငံက PM2.5 ကြောင့် သန္ဓေသားသေဆုံးမှုမှာ စတုတ္ထအများဆုံး နေရာမှာ ရပ်တည်နေတယ်လို့ သိပ္ပံပညာ ဂျာနယ်တစ်ခုကနေ ဖော်ပြထားပါတယ်။

Ref: WION

………………………………..

အမေရိကန်သမိုင်းမှာ ၁၈ နှစ်သားတစ်ဦး အသက်အငယ်ဆုံး လူမည်းမြို့တော်ဝန်ဖြစ်လာမည်

အထက်တန်း ကျောင်းကနေ ဘွဲ့ရပြီး တစ်နှစ်မပြည့်ခင်မှာပဲ ဂျေလန် စမစ်သ် (Jaylen Smith) လို့ခေါ်တဲ့ ၁၈ နှစ်သားတစ်ဦးကတော့ အာကင်ဆောပြည်နယ်က Earle မြို့ရဲ့မြို့တော်ဝန်အသစ်အဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။

ဒီမိုကရက်တစ်တစ်ဦးဖြစ်တဲ့ ဂျေလန်က လူဦးရေ ၁၈၃၁ ဦးရှိတဲ့ Earle မြို့ရဲ့မြို့တော်ဝန်အဖြစ် ဒီဇင်ဘာလ ၆ ရက်နေ့က ရွေးကောက်ခံခဲ့ရတာပါ။

ဂျေလန်ဟာ ကျောင်းတတ်စဉ်က Student Government Association မှာ ပါဝင်ရင်း သူ့ရဲ့လူ့အသိုင်းအဝိုင်းအတွက် တာဝန်ထမ်းဆောင်ချင်စိတ်တွေဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

သူက စွန့်ပစ်နေအိမ်တွေကို ဖယ်ရှားပြီး မြို့ကိုပြန်လည်တည်ဆောက်ချင်ကြောင်း ရဲစခန်းကိုလည်း ၂၄ နာရီလုံး လည်ပတ်စေချင်ကာ လူငယ်တွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးချင်တယ်လို့ ဆိုပါတယ်။

ဂျေလန်က ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့အတွက် အာကင်ဆောပြည်နယ်တစ်ဝှမ်းက မြို့တော်ဝန်တွေနဲ့လည်းတိုင်ပင်ခဲ့ပြီး လာမယ့်ဇန်နဝါရီပထမပတ်အတွင်း ဂျေလန်ဟာ ကျမ်းသစ္စာကျိန်ဆိုရမှာဖြစ်ပါတယ်။

Ref: CNN

………………………………..