ဘုတ်ပြင်းတွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာပြီး ခရီးသွားလာမှုလျော့ကျ

0
3348

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲခပ်စိတ်စိတ် ဖြစ်ပွားလာနေပြီး ခရီးသွားလာသူ လျော့ကျသွားကြောင်း ခရီးသည်တင်ကားသမားအချို့က ပြောသည်။

ယခင်လများက ၁၅ ယောက်ပါ ခရီးသည်တင်ကားတွင် ခုံအပြည့်ခရီးသည်လိုက်ပါလေ့ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ခရီးသည် ၁၀ ဦးပင် မပြည့်တော့ကြောင်း မြိတ်-ဘုတ်ပြင်း-ကော့သောင်း ယာဉ်မောင်းအချို့က ဆိုသည်။

“တချို့ဆို လက်မှတ်ဖြတ်ပြီးမှ မလိုက်တော့ဘူးဆိုတဲ့သူနဲ့၊ လိုက်လာပြီး အရှေ့မှာ တိုက်ပွဲဖြစ်နေသံလည်းကြားရော နီးတဲ့ရွာ ဆင်းကျန်ခဲ့တဲ့သူလည်း ရှိတယ်။ ပိုက်ဆံလည်း အရနည်းသွားတယ်” ဟု ခရီးသည်တင်ကားသမားတစ်ဦး က ပြောသည်။

မြိတ်-ကော့သောင်းပြေးဆွဲနေသည့် ခရီးသည်တင်ကား အကြီးအငယ် ဆယ်ချီရှိပြီး တိုက်ပွဲကြောင့် ခရီးသည် အသွားအလာနည်းသွားကြောင်း ကားသမား နောက်တစ်ဦးက ပြောဆိုသည်။

ယင်းအပြင် လမ်းခရီးတွင်လည်း စိုးရိမ်ထိတ်လန့်စွာဖြင့် သတိထား မောင်းနှင်နေရကြောင်း ၎င်းက ဆိုသည်။  

“ခရီးသည်လည်း ထက်ဝက်နီးပါးလောက် လျော့သွားတယ်။ သွားရလာရတာကလည်း သည်းထိတ်ရင်ဖိုပဲ။ (တိုက်ပွဲ) မြန်မြန်ပဲ ပြီးစေချင်ပြီ” ဟု အထက်ပါကားသမားက ဆက်လက်ပြောဆိုသည်။

ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲများ ဖြစ်နေပြီး ယခုလအတွင်း စစ်ရေးအရှိန်မြင့်လာက ဒီဇင်ဘာလ ၃ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ လေးရက်အတွင်း မိုင်းဆွဲမှုအပါအဝင် တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့သည်။

ဘုတ်ပြင်း-ကော့သောင်းဒေသတွင်း တိုက်ပွဲများကို KNLA တပ်ရင်း ၂၀၃၊ကော့သောင်းခရိုင်တပ်ရင်း (၁) ၊ မြိတ်ခရိုင် တပ်ရင်း (၂) ၊ FIying Star Force၊ ဘုတ်ပြင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ကော့သောင်း ပြည်သူ့ ကာကွယ်ရေး (ပကဖ) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။