ထိုင်းတွင် ခြေတစ်ဖက်ဆုံးရှုံးသွားသည့် မြန်မာရေလုပ်သား လျော်ကြေးငွေ ဘတ်သုံးသိန်းခွဲကျော်ရ

0
3258
Photo - HRDF Mahachai

ထိုင်းနိုင်ငံတောင်ပိုင်း တရာန်ခရိုင်တွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားသော မြန်မာရေလုပ်သားတစ်ဦးအတွက် လျော်ကြေးငွေ ဘတ် သုံးသိန်းခွဲကျော် (ကျပ်သိန်း ၂၈၀ ကျော်) ကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရရှိကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။

တရာန်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ၌ ပင်လယ်ငါးဖမ်းလှေလိုက်နေသော မောင်ဌေးကို အမည်ရှိ မြန်မာအလုပ်သမား သည် လှေပေါ်ရှိ ခွမ်း (ဝန်ချီစက်) တွင် ဘောင်းဘီစ ငြိမိပြီး ညာဖက်ခြေထောက်ဝင်သွားသဖြင့် ဆေးရုံတွင် ဖြတ်ထုတ်ခဲ့ရကြောင်း HRDF ထံမှ သိရသည်။

ခြေထောက်ဖြတ်လိုက်ရပြီးနောက်ပိုင်း ထိုင်းလူမှုဖူလုံရေးရုံး (ပကန်စခွန်) တွင် အလုပ်သမားထိခိုက်မှုအတွက် လျှောက်လွှာတင်ကာ အလုပ်နားခ ဘတ် ၄၇၀၀၀ ကျော်ကို အလုပ်ရှင်သူဌေးက ထုတ်ယူသွားခဲ့သည်။

မြန်မာရေလုပ်သား၏ နိုင်ငံကူးလက်မှတ်စာအုပ်၊ အလုပ်လုပ်ခွင့်လက်မှတ်၊ ဘဏ်စာအုပ်နှင့် စာရွက်စာတမ်းများကို အလုပ်ရှင်က သိမ်းထားသဖြင့် ယင်းသို့ထုတ်ယူသွားနိုင်ခြင်းဖြစ်ကြောင်း HRDF ထံမှ သိရသည်။

ဆေးရုံကုသစရိတ်ဟုဆိုကာ အလုပ်နားခကို အလုပ်ရှင်က ယူသွားသော်လည်း အလုပ်သမား ခြေထောက် ဆုံးရှုံးမှုအတွက် လျော်ကြေးရရှိရန် ဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့ဟု ဆိုသည်။

ထို့ကြောင့် မြန်မာရေလုပ်သား၏ မိသားစုဝင်များက ကူညီဆောင်ရွက်ပေးရန် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စမွတ်စခွန်ခရိုင် မဟာချိုင်ရုံးခွဲ HRDF သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း ယင်းရုံးခွဲမှ သိရသည်။

HRDF မဟာချိုင်ဌာနရုံးခွဲက မြန်မာအလုပ်သမား တာဝန်ခံအဖွဲ့က လူမှုဖူလုံရေးရုံး၏ အကြီးအကဲဖြစ်သူနှင့် တွေဆုံရန် မြန်မာရေလုပ်သားအား ခေါ်သွားခဲ့ပြီး လျော်ကြေးရရှိရန် ကူညီပေးခဲ့ကြောင်း ယင်းရုံခွဲမှ သိရသည်။

ယင်းနောက် တရာန်ခရိုင် လူမှုဖူလုံရေးရုံးက မြန်မာရေလုပ်သားကို လျော်ကြေးငွေ ဘတ် ၃၆၁၃၉၉ ဒသမ ၉၄ ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အလုပ်ရှင်ကလည်း ပကန်စခွန်ရုံးသို့လာပြီး ထုတ်ယူသွားသော အလုပ်နားခ ဘတ် ၄၇၀၀၀ကျော်နှင့်အတူ သိမ်း ဆည်းထားသော စာရွက်စာတမ်းများကိုပါ တစ်ခါတည်း ပြန်ပေးခဲ့ကြောင်း လည်ရရှိခဲ့ကြောင်း HRDF ထံမှ သိရသည်။

“အစ်မတို့အဖွဲ့ တောင်ပိုင်းကို အလုပ်သမားအသိပညာပေးသွားလုပ်ရင်းနဲ့ ဘေးအခန်းမှာ ခြေထောက်ပြတ်ထားတဲ့ အလုပ်သမားရှိတယ်တဲ့။ အစ်မတို့ HRDF အဖွဲ့က တစ်ချက်အကူညီပေးပါဆိုတာနဲ့ ပကန်စခွန်ရုံးကို ခေါ်သွားတာ။ ပကန်စခွန်ရုံးကနေ အလုပ်နားခရော ခြေပြတ်သွားလို့ လျော်ကြေးရော အကုန်ပြန်ရခဲ့တယ်။ သူ့အတွက် ကျမတို့ အရမ်းဝမ်းသာပါတယ်” ဟု HRDF မဟာချိုင်ရုံးခွဲမှ တရားမျှတရေး စီမံကိန်းတာဝန်ခံ မအေးမာချိုက ဆိုသည်။

မြန်မာရေလုပ်သားသည် ခြေထောက် ဆုံးရှုံးသွားချိန်နောက်ပိုင်းတွင် လုပ်ငန်းရှင်ဆီက ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိခဲ့ဘဲ အနီးဝန်းကျင်မှ ဆွေမျိုးမိတ်ဆွေများကသာ‌ ကူညီစောင့်ရှောက်ပေးထားခဲ့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါမြန်မာရေလုပ်သားကို ဆုန်ခလာခရိုင်ရှိ ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့ဆောင်မည်ဖြစ်ပြီး ပြန်လည် ထူထောင်ရေးကာလအတွင် ခြေတုတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။