သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၅)

0
822
နဝတ ဘက်ကနေ ABSDF ထံ ဘက်ပြောင်းလာတဲ့ တပ်ကြပ်ကြီး တင်မြင့်ဦးနှင့် အဖွဲ့ကို လေးအိမ်စုစခန်းမှာ ကြိုဆိုနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၄)

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၃၅-

(၁) ဘက်မလိုက်ကိုကူရင် ဘက်လိုက်တယ် အထင်ခံရမှာစိုး

ကျနော်ဟာ မင်းသမီးစခန်းဆီ ပြန်လာပြီး တပ်မဟာ ၄-တပ်မှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ခရိုင်ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း (အခု ဗဟို ဒုဥက္ကဌ) တို့နဲ့ အသေအချာဆွေးနွေးပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ကျနော်တို့အဖွဲ့ကိုကူညီရင် ကျန်တဲ့ ကိုနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ဘက်က တပ်တွေပြန်လာရေးကိုလည်း သူတို့ကူညီမှဖြစ်မယ်။

ကျနော်တို့တဖွဲ့တည်းကို ကွက်ပြီးကူညီရင် “ဘက်လိုက်တယ်လို့ စွပ်စွဲခံရမယ်။ အခုတောင် တပ်မဟာ ၄-က ဘက်မလိုက်အဖွဲ့ကို မျက်နှာသာပေးနေတယ်ဆိုပြီး စွပ်စွဲသံတွေကြားနေရတယ်” လို့ တပ်မဟာမှူးက ဗြောင်ပြောပြီး ကျနော်ရဲ့တင်ပြချက်ကို ငြင်းလိုက်ပါတယ်။

ကျနော့်ကို လိုက်ကူညီပေးနေတဲ့ ကျောင်းသားရေးရာတာဝန်ခံ ပဒိုမန်းငြိမ်းမောင်လည်း အတော်စိတ်ပျက်သွားပုံ ရပါတယ်။ တပ်မဟာမှူး အိမ်အောက်ထပ်ကနေ ကျနော်နဲ့ မန်းငြိမ်းမောင် အတူထွက်လာပြီး ဘာဆက်လုပ်ရင် ကောင်းမလဲလို့ ဆွေးနွေးပေမယ့် တိကျတဲ့ လုပ်ငန်းစဉ် ထွက်မလာခဲ့ပါ။

တပ်ရင်းပြန်ဆင်းပြီး စခန်းကော်မီတီတွေနဲ့ ဆွေးနွေးတော့ ဘိုင်သိန်းမြင့်တို့ တပ်ခွဲ ၂ ရှိရာ နတ်အိမ်တောင်ဒေသဆီသွားပြီး အဲဒီမှာရှိတဲ့ ထိုင်းထောက်လှမ်းရေးကို အကူညီတောင်းရင် ကောင်းမယ်လို့ ဆုံးဖြတ်ချက် ထွက်လာပါတယ်။

ဘာလက်မှတ်မှမရှိပဲ ထိုင်းတဦးလို သရုပ်ဆောင်ပြီး ထိုင်းနိုင်ငံ ဟိုဘက်ဒီ-ဘက်ကိုဖြတ်ပြီး ခရီးသွားနေတဲ့ကျနော်ဟာ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်အထိ တခါမှ အဖမ်းမခံခဲ့ရသေးပါဘူး။ လိုင်းကားအဆင့်ဆင့်စီးပြီး နတ်အိမ်တောင် စခန်းဆီ ကျနော်ရောက်သွားတော့ အခြေအနေက အရင်လိုမဟုတ်တော့။

နတ်အိမ်တောင်စခန်းကို နဝတ က သိမ်းထားလိုက်ပြီ ဖြစ်တဲ့အတွက် နတ်အိမ်တောင်ရွာထဲမှာ ကျောင်းသားတွေအရင်လို ပေါ်ပေါ်တင်တင် နေလို့မရတော့ပါ။ နောက်တခါ နဝတ-စစ်သားတွေလည်း နတ်အိမ်တောင်ရွာထဲ မကြာခဏဆင်းလာပြီး ဈေးလာဝယ်နေတယ်လို့ သိရတဲ့အတွက် စိတ်ထဲမှာ သိပ်မလုံခြုံလှ။

ဒါပေမယ့် တပ်ခွဲမှူး ဘိုင်သိန်းမြင့် (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲအတွင်း ကျဆုံး) က သူ့နယ်ကို သူပိုင်ပါတယ်ဆိုတဲ့ အထာမျိုးနဲ့ အေးဆေးနေပြနေတော့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကျနော်က စိုးရိမ်မှုပြနေလို့ ဘယ်ဖြစ်မလဲ။ သ့ူနယ်ကို သူပိုင်တယ်ဆိုပေမယ့် အရင် နတ်အိမ်တောင်စခန်းမကျခင်က ကျနော်တို့ ၂၀၁ တပ်ရင်း ရုံးခန်းဖွင့်ခဲ့တဲ့ ဒေါ်ခင်ကြည်ရဲ့ ၂ ထပ်တိုက်အိမ်ကြီးမှာတော့ ပေါ်တင်သွားမတည်းရဲတော့ပါ။ ဟိုဆိုင်ဒီဆိုင်ဝင်ပြီး လဖက်ရည်သောက်၊ ရွာသားတွေနဲ့ စကားပြောလုပ်နေပေမယ့် ကျနော်တို့ ဘယ်မှာတည်းသလဲ ဆိုတာကို ဘယ်သူမှ မပြောရဲပါ။

နောက်တရက် မိုးလင်းတော့ ဘိုင်သိန်းမြင့်နဲ့ ကျနော်ဟာ စကားပြန်တဦးကိုခေါ်၊ နတ်အိမ်တောင်ရွာအဝင်၀ တောင်ကုန်းပေါ်ရှိ ထိုင်းထောက်လှမ်းရေး ရုံးခန်းဆီတက်ပြီး မာနယ်ပလောရောက် ရဲဘော်တွေ ပြန်ခေါ်ရေးကိစ္စ အကူညီပေးဖို့ တင်ပြခဲ့ပါတယ်။ ဒီထောက်လှမ်းရေးအဖွဲ့ဟာ ကျနော်တို့နဲ့ အရင်းနှီးဆုံး၊ နားလည်မှုအရှိဆုံးလို့ ထင်ထားပေမယ့် ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေအနေ၊ နယ်မြေစိုးမိုးမှု အခြေနေတွေအရ သူတို့တာဝန်ကျရာ နယ်ဖြစ်တဲ့ ကန်ချနပူရီခရိုင်ကိုကျော်ပြီး လူ ၂၀ ကျော် သယ်ယူဖို့ကိစ္စဟာ မဖြစ်နိုင်ဘူးလို့သာ အဖြေရခဲ့ပါတယ်။

(၂) နတ်အိမ်တောင်မှ လေးအိမ်စုစခန်းဆီသို့

မာနယ်ပုလောကို စစ်ကူသွားခဲ့တဲ့ ၂၀၁-ဘက်မလိုက်တပ်ရင်းက ရဲဘော် ၂၅ ဦးကို သောင်းရင်းမြစ်အတွင်းတွေ့ရစဉ်။

ဆွေးနွေးသမျှ အဆင်မပြေဖြစ်နေတဲ့ ကျနော်ဟာ ဘိုင်သိန်းမြင့်နဲ့အတူ စိတ်ပျက်လက်ပျက်နဲ့ ထောက်လှမ်းရေးကုန်းပေါ်ကနေ ဆင်းလာပါတယ်။ ပြီးတော့ အခြေနေတွေကို တပ်ရင်းဌာနချုပ်နဲ့ မာနယ်ပုလောက တပ်စုဆီ ကြေးနန်းပို့နိုင်ဖို့ ကျနော်တို့တပ်ခွဲ အခြေစိုက်ရာ လေးအိမ်စုရွာဆီ ဆက်သွားခဲ့ပါတယ်။

ကျနော်တို့မှာ ကားမရှိ။ ကားလည်း မငှားနိုင်ပါ။ ဒီတော့ နတ်အိမ်တောင်ကနေ လေးအိမ်စုကိုသွားဖို့ ရေပူရွာဆီ ကားလမ်းအတိုင်း ကုန်ကြောင်းခရီး တနာရီလောက် နှင်လိုက်ရပါတယ်။ တောထဲမှာ လမ်းလျှောက်ရတာ ရိုးနေပြီဖြစ်ပေမယ့် ကတ္တရာလမ်းမပေါ် နေပူကြီးထဲ တနာရီလောက် လမ်းလျှောက်နေရတာကတော့ သိပ်မမိုက်၊ စိတ်ထဲမှာ သိပ်မဘဝင်မကျလှပါ။

ဒီလိုနဲ့ ရေပူရွာထိပ်ဆီ ရောက်လာပြီး ရွာနဘေးရှိ မြေနီ-ကားလမ်းကြမ်းလေးအတိုင်း ဝင်လာတော့ ပထမဆုံး တွေ့ရတာက ဝါးရုံတောထဲမှာ တပ်ဖျောက်ထားတဲ့ ကျောင်းသားတပ်ရင်း ၃-ခုရဲ့ ပူးတွဲကင်းပုန်းစခန်း။ အဲဒီမမြင်ရတဲ့ လုံခြုံရေးဂိတ်ကိုဖြတ်ပြီး ဝင်လာတော့ စမ်းချောင်းလေးတခုကို တွေ့ရပြီး အဲဒီချောင်းဘေးက တလုံးတည်းသော သွပ်မိုး၊ သစ်သားအိမ်ဟာ KNU တပ်ခွဲမှူး ဗိုလ်လှချော ယာယီနေတဲ့အိမ်ဖြစ်ပါတယ်။ သူအိမ်ပေါ်တက်သွားတော့ ဗိုလ်လှချောက အိမ်မှာမရှိတဲ့အတွက် စကားပြောခွင့် မရလိုက်ပါဘူး။

သူ့အိမ်ကိုကျော်ပြီး ၁၀ မိနစ်လောက် ထပ်လျှောက်လိုက်တော့ သက်ကယ်မိုး၊ ဝါးတဲ ၁၀ လုံးခန့်တွေ့ရပြီး အဲဒါဟာ “ဒီမိုကရေစီ ဒုက္ခသည်ကျေးရွာ” ဖြစ်ပါတယ်။ “ကျေးရွာ ဆေးပေးခန်း” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတဲ့ ဝါးတဲတလုံးထဲ ဝင်လိုက်တော့ ဆေးမှူးတွေက ကျနော်တို့တပ်ရင်းနဲ့ ၁၀၁၊ ၁၀၂ ရဲဘော်တွေ။ လူနာတွေထဲမှာတော့ ငှက်ဖျားမိ ရဲဘော်တချို့နဲ့ ဒုက္ခသည်ကလေးငယ်တချို့။

ဆေးခန်းနဲ့ မျက်စောင်းထိုး တခြားတဲတလုံးမှာတော့ “ကျေးရွာ မူလတန်းကျောင်း” ဆိုတဲ့ဆိုင်းဘုတ်ကို တွေ့ရပြီး ကျောင်းဆရာတွေထဲမှာ ကျနော်တို့ တပ်ရင်းက ရဲမေတဦးကို လှမ်းမြင်လိုက်ရပါတယ်။ နောက် တဲတလုံးမှာတော့ ရွာဥက္ကဋ္ဌ ဦးရှိန် (အခု အမေရိကန်) တို့ မိသားစုကို တွေ့ရပြီး စကားထိုင်ပြောဖြစ်ခဲ့ပါတယ်။

နောက်တရက်မိုးလင်းတော့ နတ်အိမ်တောင်အခြေစိုက် ခလရ ၂၀၈-ကနေ ၆၀-မမ လက်နက်ကြီးတလက်၊ လက်နက်ငယ် ၄-လက်နဲ့အတူ ကျနော်တို့ ABSDF တပ်တွေဆီ ဘက်ပြောင်းလာတဲ့ တပ်ကြပ်ကြီး တင်မြင့်ဦး (အခု ကနေဒါ) အပါအဝင် ရဲဘော် ၅ ဦးကို ဘိုင်သိန်းမြင့်က ခေါ်လာပြီး ကျနော်နဲ့ ပေးတွေ့ပါတယ်။

ဒီလို ပူးပေါင်းနိုင်အောင် စည်းရုံးခဲ့သူကတော့ တပ်ခွဲမှူး ဘိုင်သိန်းမြင့် ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်ရင်းအပြင် ABSDF တခုလုံးအတွက်ပါ လက်နက်ကြီးနဲ့အတူ လာရောက်ပူးပေါင်းတဲ့ ပထမဆုံး ရှားရှားပါးပါး နဝတ စစ်သည်တွေလို့ ကျနော်ထင်ပါတယ်။

အဲဒီအချိန် ကိုတင်မြင့်ဦးက အသက် ၃၀ ကျော်ပဲ ရှိပုံရသေးပြီး တပ်ကြပ်တဦး၊ ဒုတပ်ကြပ်တဦးနဲ့ ရဲဘော် ၂ ဦးဆိုရင် အသက် ၂၀ ဝန်းကျင် လူငယ်လေးတွေ ဖြစ်ပါတယ်။ သူတို့ကို အခုမှ ကျနော် လူချင်းတွေ့ဖူးပေမယ့် သူတို့ရဲ့ဓာတ်ပုံနဲ့ သတင်းကိုတော့ မာနာပလောမှာ ရောက်နေစဉ်ကတည်းက ကြားခဲ့ရပြီးဖြစ်ပါတယ်။

ဆိုလိုတာကတော့ သူတို့ ၅ ဦးဟာ ကျနော်တို့ မာနယ်ပလော တိုက်ပွဲကာလအတွင်း နတ်အိမ်တောင်စခန်းကနေ ဘက်ပြောင်းလာသူတွေဖြစ်ပြီး အဲဒီကာလ ၁၀၂ တပ်ရင်းက ဗဟိုခေါင်းဆောင်တဦးဖြစ်သူ ကိုညဏ်လင်းရွှေက သတင်းဌာနတွေဆီ ထုတ်ပြန်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

သူတို့ ဘာကြောင့် ဘက်ပြောင်း ထွက်ပြေးလာသလဲဆိုတာကို မေးကြည့်တော့ အဓိကအားဖြင့် အပေါ်အောက် ခွဲခြားဆက်ဆံမှု၊ အထက်အရာရှိတွေရဲ့ အနိုင်ကျင့်မှုကို မခံနိုင်လို့ ထွက်လာတယ်လို့ ပြောတာကို ကျနော်အမှတ်ရနေပါတယ်။

ဒီလိုနဲ့ နဝတ တပ်တွင်းက အခြေနေကိုမေးမြန်း၊ သူတို့ ၅ ဦးကို အားပေးစကားပြော၊ မင်းသမီးခစန်းဆီ မကြာခင် ခေါ်ယူနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာပဲ ကိုတင်မြင့်ဦးတို့ ၅ ဦး ဘက်ပြောင်းလာအောင် စည်ရုံးနိုင်ခဲ့တဲ့ တပ်ခွဲမှူး ဘိုင်သိန်းမြင့်ကိုလည်း ချီးကျုးမိပါတယ်။

အဲဒီနောက်မှာတော့ နတ်အိမ်တောင်ဒေသဆီ လာရင်းကိစ္စ အဆင်မပြေသေးတဲ့အကြောင်း၊ စိတ်ရှည်သီးခံပြီး ဆက်စောင့်ဖို့ လိုတဲ့အကြောင်း၊ မာနယ်ပလောရှိတပ်စုနဲ့ တပ်ရင်းဌာနချုပ်တွေဆီ ကြေးနန်းပို့ရပါတယ်။

နေ့လည်ပိုင်းမှာတော့ ဒုက္ခသည်စခန်းနောက်ကျော နယ်စပ်တောင်ကုန်းမှာ ယာယီတဲထိုး စခန်းချနေကြတဲ့ တပ်ခွဲ ၂ ရဲဘော်တွေဆီ သွားရောက် အားပေးစကားပြောခဲ့ပါတယ်။ နယ်စပ်တောင်ထိပ်ဆိုပေမယ့် နတ်အိမ်တောင်လိုတော့ မြင်ကွင်းက သိပ်မကောင်းတဲ့အပြင် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းလဲ မရှိပါ။

ရဲဘော်အများစုဟာ နတ်အိမ်တောင်ကို လွမ်းနေပုံရပြီး နတ်အိမ်တောင်ခစန်းကို ပြန်သိမ်းချင်တဲ့အကြောင်း ပြောနေကြပါတယ်။ ညနေပိုင်းမှာ လူစုပြီး “လက်ရှိနိုင်ငံရေး အခြေအနေ ရှင်းလင်းတင်ပြခြင်း” လုပ်ခဲ့သေးတယ်လို့ ထင်ပေမယ့် အသေးစိပ် မမှတ်မိတော့ပါ။

(၃) ထားဝယ်သား အိမ်ပြန်

မင်းသမီးစခန်းမှာကျင်းပတဲ့ ၆၀-မမ သင်တန်းဆင်းပွဲမှာ တပ်ကြပ်ကြီးတင်မြင့်ဦးကို တွေ့ရစဉ်။

ဒီလိုနဲ့ ကျနော်ဟာ နတ်အိမ်တောင်နဲ့ လေးအိမ်စုမှာ သတင်းတပတ်ခန့် ကြာသွားခဲ့ပါတယ်။ မာနယ်ပလောတပ်စုကို သည်းခံပြီး ဆက်စောင့်ဖို့ ကြေးနန်းပို့ ပြောထားပေမယ့် ရဲဘော်တွေက စိတ်ရှည်သည်းခံနိုင်စွမ်း ရှိပုံမရတော့ပါ။

“ကိုယ်အစီစဉ်နဲ့ကိုယ် ပြန်လာတော့မယ်။ ခရီးစရိတ်နဲ့ လမ်းကြောင်းကိုသာ ဥက္ကဋ္ဌစီစဉ်ပေးပါ” ဆိုပြီး ကျနော်ဆီ ကြေးနန်းပြန်ဝင်လာပါတယ်။ ဒီကြေးနန်းကိုကြည့်ပြီး ထားဝယ်မှာခေတ်စားတဲ့ “ထားဝယ်သား အိမ်ပြန်” ဆိုတဲ့ စကားလုံးကို သွားသတိရမိပါတယ်။

ထားဝယ်သားတွေ အိမ်ပြန်ချင်ရင် ဘယ်လိုမှတားမရ၊ ဆီးမရတော့ပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင့်ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ ကျနော်လည်း ဘာမှမတတ်နိုင်တော့ပါ။ မာနယ်ပုလော-စော်လဲထာ-မယ်စရီးယန်း-ဘန်ကောက်ကို လှေတဆင့်၊ လိုင်းကားတဆင့်၊ ဘတ်စကားတဆင့် ဘယ်လိုစီးရမယ်။ တစုကို လူ ၄-ဦးထက်မပိုစေပဲ အုပ်စုခွဲသွားပါ။ စစ်ပစ္စည်းတွေ လုံးဝသယ်မလာမိစေပါနဲ့ စသဖြင့် ညွှန်ကြားချက်ကို စက်ပေါ်တက်ပြီး တခါတည်း တန်း ပြောလိုက်ရပါတယ်။

ပြီးတော့ ဘန်ကောက်မှာ လည်လည်ဝယ်ဝယ် သွားဖူးတဲ့ ရဲဘော်တဦးဖြစ်သူ ကိုအောင်သန့်ကို မင်းသမီးစခန်းကနေ ဘန်ကောက် အမြန်ဆုံးတက်ပြီး ဒီလူတွေကိုကြိုဆိုဖို့၊ နောက်တဦးက ဟွေးနန်းခေါင်ရှိ ဦးဟန်လင်းရဲ့အိမ်မှာကြိုဖို့ အရေးပေါ်ညွှန်ကြားမှုတွေ လုပ်လိုက်ရပါတယ်။ အဲဒီကာလက ဦးဟန်လင်း မိသားစုဟာ ဟွေးနန်းခေါင်ရွာစပ်က ထိုင်းစိုက်ပျိုးရေးခြံတခုမှာ နေထိုင်ခွင့်ရထားပါတယ်။

ဒီလိုနဲ့ မာနယ်ပလောကနေ စောလဲထာကို လှေစီးပြီး နေ့လည်ချိန် အရောက်လာ၊ စောလဲထာကနေ မဲစရီယန်းကို ညနေကား မီအောင်စီး၊ ဘန်ကောက်-မော်ချစ်ကားဂိတ်ကို မနက်စောစော ရောက်ရမယ်ဆိုတဲ့ စီမံကိန်းကို အကောင်ထည်ဖော်ပါတော့တယ်။

မယ်စရီးယန်းကနေလာတဲ့ ဘတ်စ်ကားဟာ မနက် ၁၀ နာရီဝန်းကျင်မှ ဘန်ကောက်-မော်ချစ်ကားဂိတ်ကို ရောက်တဲ့အတွက် အဲဒီကတဆင့် တောင်ပိုင်းကားဂိတ်ဆီသွားပြီး ကန်ချနပူရီကားကို စီးဖို့အချိန်က စကောစက ဖြစ်နေပါတယ်။ တခါ ကန်ချနပူရီ-ဟွေးနန်းခေါင် လိုင်းကားက နေ့လည် ၁ နာရီ ထွက်တဲ့အတွက် အဲဒီလိုင်းကားကို ဘယ်လိုမှ မမီနိုင်တော့ပါ။ ဒီတော့ ဘန်ကောက်မှာ တညတာအိပ်ဖို့ စခန်းထောက် ရှာရပါတယ်။

(၄) ဘတ်စ်ကားစီးသော စစ်သည်တော်များ

ဘန်ကောက်မှာ ရုံးခွဲမရှိလို့ ခိုနားရာမရှိဖြစ်နေတဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို အကြို-အပို့ လုပ်ပေးပြီး သူတို့အခန်းမှာ လက်ခံကျွေးမွေးပေးတဲ့ ဘုရားသုံးဆူဒေသက ABSDF ရဲဘော်ဟောင်းတွေဖြစ်တဲ့ ကိုချစ်ဘွယ်၊ ကိုယဉ်ထွေး၊ ကိုမျိုးအေးတို့ကို အမည်တပ်ပြီး ကျေးဇူးတင်သင့်တယ်လို့ ကျနော် ထင်ပါတယ်။

တခေါက်မှာ လူ ၄-ဦးစီကို စက်လှေတဆင့်၊ လိုင်းကားတဆင့်၊ ဘတ်စကား ၃-ဆင့် လောက်နဲ့ မာနယ်ပလော-စောလဲထာ-မယ်စရီးယန်း-ဘန်ကောက်-ကန်ချနပူရီ-ဟွေးနန်းခေါင်-မင်းသမီး အထိ သယ်တဲ့၊ ဖြစ်သလို အရေးပေါ်စီစဉ်လိုက်တဲ့ ထိုင်းနိုင်ငံဖြတ် လူမှောင်ခိုသယ်နည်း စစ်ဆင်ရေးဟာ ကံကောင်းထောက်မစွာနဲ့ တဦးမှ အဖမ်းဆီးမခံရပဲ သတင်း ၂ ပတ်အတွင်း ရဲဘော် ၂၄ ဦးစလုံး မင်းသမီးစခန်းအထိ ချောချောမောမော ပြန်ရောက်လာခဲ့ပါတယ်။ တဦးကတော့ ဘန်ကောက်မှာ သောင်တင်နေစဉ် ဒုက္ခသည်အဖြစ် လျှောက်လိုက်တဲ့အတွက် မင်းသမီးစခန်းဆီ ပြန်မလာတော့ပါ။

“ဘတ်စ်ကားစီးတဲ့ စစ်သည်တော်များ” လို့ နာမည်ကြီးသွားတဲ့ ရဲဘော် ၂၅ ဦး သယ်ယူမှု စစ်ဆင်ရေး အောင်မြင်သွားတဲ့သတင်းဟာ ကျနော်တို့ တပ်ရင်းဘေးက ကိုနိုင်အောင်တို့၊ ကိုမိုးသီးဇွန်တို့ တပ်ဖွဲ့တွေအတွက် အံသြစရာဖြစ်နေခဲ့သလို မာနယ်ပလောဝန်းကျင်ရှိ သက်ဆိုင်ရာ ဗဟိုအသီးသီးကလည်း အတော်အံ့သြနေတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွက် ဘယ်အဖွဲ့ဆီကမှ အကူညီမရလို့ ကျနော်တို့ရဲ့ မာနယ်ပုလော စစ်ကြောင်းပိုင် Mizuho ဆက်သွယ်ရေးစက်ကို ရောင်းချပြီး အဲဒီကရတဲ့ ငွေတသောင်းကျော်နဲ့ လှေခ၊ ကားခ၊ စားစရိတ်အဖြစ် အသုံးပြုကာ အခုလို ပြန်လာနိုင်ခဲ့တယ်ဆိုတာကိုပါ သူတို့သိရင် ပိုပြီးတောင် အံသြနေမလားလို့ ကျနော် စဉ်းစားနေမိပါတယ်။

တကယ်တော့ တပ်ပေါင်းစုက စစ်ကူခေါ်ပြီး ဒီလို ပြန်မပို့တာဟာ ဒါ ပထမဆုံးအကြိမ်တော့် မဟုတ်ပါ။ (ရှေ့ုပိုင်း မာနယ်ပလော ပထမ-အခေါက်အခန်းမှာဖေါ်ပြခဲ့တဲ့) ၁၉၈၉ ခုနှစ် အစောပိုင်းတုန်းက ခေါ်ယူခဲ့တဲ့၊ မဖွဲ့ဖြစ်လိုက်တဲ့ DAB စစ်ကြောင်းအတွက် မာနယ်ပလောရောက် ၂၀၁ တပ်ရင်းက ရဲဘော် ၂၀ ကျော်တုန်းကလည်း ဒီလိုပဲ ကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်ခဲ့ရတယ်လို့ အဲဒီစစ်ကြောင်းပါ ကျောင်းသားတဦးက ကျနော်ကို ပြန်ပြောပြပါတယ်။

“တပ်ပေါင်းစုက ဘာမှမစီစဉ်ပေးပဲ ကျနော်တို့ တပ်စုကို မဲဆောက်က ဒေါက်တာစင်သီယာ ဆေးခန်းမှာ ဒီအတိုင်းပစ်ထားခဲ့တယ်” လို့ အဲဒီကျောင်းသားက ပြောပါတယ်။ အဲဒီခေတ်ကတော့ သေဘောဘိုး-မက္ကသာ-ဘုရားသုံးဆူ တောလမ်းရှိနေဆဲမို့ အဲလမ်းကနေ သူတို့ ပြန်လာကြတယ်လို့ သူက ဆိုပါတယ်။

ဆိုလိုတာကတော့ တပ်ပေါင်းစု တာဝန်ရှိသူတွေဟာ စစ်ကူလိုရင် အရေးပေါ်အကူအညီတောင်းပြီး စစ်ပွဲပြီးလို့ တပ်ပြန်ပို့တဲ့အခါ ခေါင်းရှောင်နေလိမ့်ရှိတယ်။ ဒါမျိုးတွေ နောက်တခါ မဖြစ်အောင် သတိထားသင့်တယ်ဆိုတာကို အဲဒီကျောင်းသားနဲ့ ကျနော်ဆွေးနွေးဖြစ်ခဲ့တာကို အမှတ်ရနေပါတယ်။
………………………………………….

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၆) >>>>>

ထက်အောင်ကျော်