မွန် ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်

0
3099

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ စွဲဆိုခံထားရသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (စ) အတွက် ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

စစ်ကောင်စီက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးခဲ့သည်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)ဖြင့် အမှုနှစ်မှုဖွင့် တရားစွဲဆိုခဲ့သည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နှင့် အမှု နှစ်မှုအတွက်ကို  ဒီဇင်ဘာ ၆ ရက် အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒေါက်တာအေးဇံကို ထောင်ဒဏ် နှစ်နှစ် ထပ်ပြီးအမိန့်ချလိုက်တယ်၊ အထူးတရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးပြီး အမိန့်ချလိုက်တာဖြစ်တယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ယခုအမိန့်ချလိုက်သည့် အမှုနှင့်ပတ်သက်ပြီး ဒေါက်တာအေးဇံက တရားရုံးအဆင့်ဆင့်တက်ကာ အယူခံတင်သွားမည်ဟုလည်း သိရသည်။

စစ်ကောင်စီက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုခဲ့ကာ လက်ရှိတွင် အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။

ယခု ပုဒ်မ ၁၇၁ (စ) အတွက် ချမှတ်ခံရသည့် ထောင်ဒဏ် နှစ်နှစ်အပါအဝင် လက်ရှိတွင် ဒေါက်တာအေးဇံသည် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်အထိ အမိန့်ချမှတ်ခံထားရသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရသည်။