တနင်္သာရီမြို့နယ်မှ စစ်ရှောင်အများစု နေရပ်မပြန်ရဲသေး

0
3598

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ချို့မှ စစ်ဘေးရှောင်နေသူအများစု နေရပ်မပြန်ရဲကြသေးကြောင်း ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလအစတွင် တိုက်ပွဲခပ်စိတ်စိတ်ဖြစ်ပြီးနောက် အနောက်မော်တုံး၊ ညောင်ပင်ကွင်းနှင့် လယ်သစ်ကျေးရွာတို့ရှိ စစ်ရှောင်ပြည်သူအများစုမှာ  လက်ရှိအချိန်ထိ နေရပ်မပြန်ရဲကြသေးဟု ဒေသခံများ ကပြောသည်။

“အားလုံးကတော့ ပြန်မနေရဲကြသေးဘူး။ အသွားအလာတော့ နဲနဲရှိနေကြတယ်။ ကိုယ့်အိမ်အခြေအနေဝင်ကြည့် လိုအပ်တာတွေဝင်ယူ အခြေအနေပေးရင် တစ်ညလောက်အိပ်၊ ပြီးရင် ပြန်ထွက် အဲလိုတော့ လုပ်နေကြတယ်။ အစဥ်အမြဲတော့ မနေရဲကြသေးဘူး”ဟု ညောင်ပင်ကွင်းရွာ ဒေသခံအမျိုးသား ကပြောသည်။

ယင်းကျေးရွာရှိ စစ်ရှောင်အများစုမှာ အနီးအနားရှိသဘော့လိပ်ရွာတွင် နေထိုင်နေကြပြီး မြိတ်မြို့တွင်လည်း သွားရောက်နေထိုင်နေကြကြောင်း ဒေသခံများ ကဆိုသည်။

ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီတပ်ရှိနေပြီး တိုက်ပွဲထပ်မံဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် မပြန်ရဲကြသေးဟု ၎င်းတို့ကပြောသည်။

“ဗောဓိကမ်း၊ထုံတွန်၊ ဘန်လောတို့ဖက်မှာတော့ ပြန်လာနေနေကြပြီ။ အကုန်လုံးတော့ ပြန်လာမရဲကြသေးဘူး”ဟု ဘန်လောကျေးရွာ ဒေသခံအမျိုးသားကပြောသည်။

အလားတူ အနောက်မော်တုံးကျေးရွာရှိ ဒေသခံ ၅၀၀ နီးပါးသည်လည်း နေအိမ်ပြန်မရဲကြသေးဘဲ တောတောင်အတွင်း နေထိုင်နေရဆဲဖြစ်သည်ဟု ဒေသခံများ ကပြောသည်။

အနောက်မော်တုံးကျေးရွာ အနီးတွင် နိဝင်ဘာ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး  ရွာသားများ တောတောင်အတွင်း ထွက်ပြေးနေရခြင်းဖြစ်သည်။

ရွာသားများ ထွက်ပြေးနေရချိန် ယင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်က ညတိုင်းနီးပါး ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ နေရပ်မပြန်ရဲကြသေးဟု ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာတွင်လည်း နိုဝင်ဘာ ၂၃ ရက်မှ စကာ ယနေ့အထိ ထွက်ပြေးနေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

“လယ်သစ်အနောက်ကမ်းက လူတွေတော့ အကုန်ပြောင်းပြေးကုန်ပြီ။ အရှေ့ကမ်းကတော့ အနည်းအကျဥ်း နေကြသူတွေရှိတယ်”ဟု ဒေသခံအမျိုးသမီး ကပြောသည်။

လယ်သစ်ကျေးရွာတွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိနှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဆုတ်သွားသော်လည်း လက်ရှိတွင် စစ်ကြောင်းပြန်ထိုးလာနေသည်ဟု သတင်းကြားသဖြင့် ဒေသခံများ ထွက်ပြေးနေကြခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေသူ သုံးထောင်ကျော်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များမှ ခန့်မှန်းပြောဆိုကြပြီး မြေပြင်တွင် ယင်းထက်ပိုမို များပြားနိုင်သည်ဟုလည်း ၎င်းတို့ကဆိုသည်။