မြန်မာကျောင်းသားများကို သေဒဏ်ပေးခြင်း ချင်းမိုင်တွင် ကန့်ကွက် ဆန္ဒပြ

0
3184

စစ်ကောင်စီက ဖမ်းဆီးထားသော မြန်မာကျောင်းသားများကို သေဒဏ်ပေးခြင်းကို ဆန္ဒပြပွဲကို ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဘုရင်သုံးပါး ရုပ်ထုတည်ရှိရာ ရင်ပြင်တွင် ပြုလုပ်ခဲ့သည်။

သေဒဏ်ချမှတ်ခြင်းမှာ လူသားတန်ဖိုးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှု ဖြစ်ခြင်းကြောင့် နိုင်ငံများတွင် သေဒဏ်ချမှတ်မှု အမြစ်ပြတ်စေရန် ထိုင်းနိုင်ငံ၊ ချင်းမိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားကောင်စီကလည်း အမေရိကန်သံရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပေးပို့တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက် ၆ ချက်တွင် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက တက္ကသိုလ် ကျောင်းသား ၇ ဦးနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူများကို သေဒဏ်မှကင်းဝေးစေရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် ဖိအားပေးရန်လည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီ တရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသော ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင် တို့ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့သည့် ဒီမိုကရေစီရေးလှုပ်ရှားသူ ၁၂၈ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်‌ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။