ဖြိုချထားသည့် ထားဝယ် မိုးလုံ၊ လေလုံအားကစားရုံအရှေ့က ဆိုင်ခန်းများ ပြန်ငှားမည်မဟုတ်ဟုဆို

0
3381

ထားဝယ်မြို့ မိုးလုံ၊ လေလုံအားကစားကွင်း မျက်နှာစာက ဖြိုချထားသည့် ဆိုင်ခန်းနေရာများကို ပြန်ငှားရန်အစီအစဉ်မရှိတော့ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

“စာချုပ်သက်တမ်းကုန်လို့ ရပ်ပြီးတော့ (အားကစားဌာနအတွက်) လိုအပ်တာလုပ်လို့ရအောင် ဖျက်လိုက်တာ။ စာချုပ်သက်တမ်းကုန်ရင် ထပ်မငှားနဲ့ဆိုပြီး ပြောလာလို့လေ” ဟု တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထားဝယ်မြို့ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် အာဇာနည်းလမ်းမပေါ်ရှိ  အခန်း ၁၇ ခန်းရှိသည့် နှစ်ထပ်တိုက်ခန်းတွဲများကို အားကစားဌာနမှ စီးပွားရေးလုပ်ငန်းရှင်တို့ထံ နှစ်ရှည်ငှားရမ်းထားခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်တို့က အခြားစီးပွားရေးလုပ်မည့်သူများထံ ဆိုင်ခန်းတစ်ခန်း တစ်လ ၂၅၀၀၀၀ ကျပ်ဖြင့် သုံးလ၊ ခြောက်လ စာချုပ်ချုပ်ဆိုပြီး ပြန်လှည်ငှားချထား ကြသည်။

ပြီးခဲ့သည့် ဇွန်လဝန်းကျင်က အငှားချထားသည့်ဆိုင်ခန်းများကို စာချုပ်သက်တမ်း ကုန်ဆုံးပါက ဖြိုချဖျက်ပစ်တော့မည်ဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်းထားသူများကို အားကစားဌာနက အစည်းအဝေးခေါ်ယူပြီး အသိပေးခဲ့သည်။

“ကျွန်မတို့မှာ တစ်နေရာကနေ တစ်နေကိုပြောင်းရတာမလွယ်ဘူး။ စီးပွားရေးလုပ်တဲ့သူတွေမှာ တော်တော်လေးပင်ပန်းတယ်” ဟု အဆိုပါဆိုင်ခန်းတွင် ဈေးရောင်းချနေသူတစ်ဦးကဆိုသည်။

ဖျက်ပစ်လိုက်သည့်ဆိုင်ခန်းနေရာတွင် ဆိုင်ခန်းအသစ်ပြန်ဆောက်တော့မည်မဟုတ်ဘဲ အားကစားနှင့်ပတ်သက်ပြီး လိုအပ်သည်များကိုသာ ပြုလုပ်တော့မည်ဖြစ်ကြောင်း တိုင်းအားကစားဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။