တနင်္သာရီတိုင်းပြင်ပမှသူများ ထားဝယ်တွင် နိုင်ငံကူးလက်မှတ်လျှောက်ခွင့်မပြုတော့

0
3536

တနင်္သာရီတိုင်းပြင်ပကသူများ ထားဝယ်မြို့တွင် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားခြင်းကို ခွင့်မပြုတော့ကြောင်း စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကဆိုသည်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ ဒေသတွင်း မတည်ငြိမ်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများကြောင့် မြန်မာနိုင်ငံသားများမှာ ပြည်ပသို့ထွက်ခွာမှု အလွန်များပြားလာနေသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးအပါအဝင် နယ်မြို့များရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေး‌ရေးရုံးများတွင် လျှောက်ထားသူ အလွန်များနေသည်။

ယင်းကြောင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများမှာ လူနည်းသည့် ဒေသများရှိ နိုင်ငံကူးလက်မှတ်ရုံးများကို သွားရောက်ကာ လျှောက်ထားကြသည်များ ရှိနေသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင်လည်း တိုင်းပြင်ပမှသူများ လာရောက်လျှောက်ထားမှု အများအပြားရှိနေချိန်တွင် ယင်းသို့ကန့်သတ်ချက် ထုတ်လိုက်ခြင်းဖြစ်သည်။

အခြားပြည်နယ်နှင့်တိုင်းနေသူတို့သည် အုပ်စုလိုက် ကားစီးလုံးဖြတ်ငှားရမ်းပြီး ထားဝယ်မြို့တွင် တည်းခိုနေထိုင်ကာ နိုင်ငံကူးလက်မှတ် လျှောက်ထားနေကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့လာရောက်လျှောက်ထားသူများသဖြင့် ထားဝယ်နိုင်ငံကူးလက်မှတ်ရုံးတွင် ဝန်ထုတ်၊ ဝန်ပိုးဖြစ်လာသဖြင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။

“သူ့နေရာမှာသူလျှောက်လို့ရရဲ့သားနဲ့ ဒီမှာလာလုပ်တဲ့အခါကျတော့ ဝန်ထုပ်၊ ဝန်ပိုးလာဖြစ်တာပေါ့” ဟု ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် Online Booking စနစ်ဖြင့် QR Code ရယူပြီး ရက်ချိန်းရသူများကို နိုင်ငံကူးလက်မှတ် လျှောက်ခွင့်ပြုနေရာမှ ဒီဇင်ဘာလ ၅ ရက်နေ့မှစပြီး ယင်းအစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

ယင်းကြေညာချက်ထွက်အပြီးတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ထားဝယ်) တွင်လည်း ယင်းသို့ကန့်သတ်ချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ ရုတ်တရက် သတ်မှတ်လိုက်ခြင်းကြောင့် ကြိုတင်စရန်ငွေယူပြီး အလုပ်လက်ခံထားသည့် ပွဲစားတို့မှာမူ အကျပ်ရိုက်နေကြသည်။

“နယ်ကျော်ပိတ်မယ်ဆိုတာ ကြိုမသိရတဲ့အခါကျတော့ ဒီမှာ လက်ခံပြီးသားဟာတွေ ပြန်လိုက်အမ်းနေရတာပေါ့နော်” ဟု ထားဝယ်ဒေသခံ ပွဲစားတစ်ဦးကဆိုသည်။

ပုံမှန်အားဖြင့် နိုင်ငံကူးလက်မှတ်ကိုယ်တိုင်လျှောက်ထားပါက သုံးသောင်းကျပ် ဝန်းကျင်သာ ကျသင့်သော်လည်း ပွဲစားဖြင့်လျှောက်ထားပါက ၆၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်အကြား ကုန်ကျလေ့ရှိကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ဖူးသူအချို့က ပြောသည်။

ထားဝယ်နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးကို အောက်တိုဘာလက ယာယီပိတ်ထားခဲ့ပြီး ယခုအခါပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။