သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၃)

0
2868
“တော်လှန်ရေးသည် ငါတို့ကျောင်း- ငါတို့တက္ကသိုလ်” ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ တွေ့ရတဲ့ ကိုမိုးသီးဇွန်တို့ ဌာနချုပ်စခန်း။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၂)

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၃၃-

(၁) လောကွာလူစခန်းမှ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်သို့

နောက်တရက်မှာတော့ ကိုမျိုးသိန်း၊ ဦးဟန်လင်းတို့နဲ့ အသေချာဆွေးနွေးပြီးတဲ့နောက် ကျနော်တို့ တပ်တွေ ပြန်ခေါ်နိုင်ရေးအတွက် နော်တစစ်ကြောင်းရှိ ကျောင်းသားတပ်တွေကို တာဝန်ယူထားသူ ကိုမိုးသီးဇွန်တို့ ဗဟိုကော်မတီက အတွင်းရေးမှုး ၂ နဲ့ စစ်ဦးစီးမှူးဖြစ်သူ ကိုမျိုးသန့် သို့မဟုတ် အဲဒီကာလအခေါ် ဗိုလ်မှူးမျိုးသန့်ဆီ သွားတွေ့ရပါတယ်။

လောကွားလူကုန်းကနေ မာနယ်ပလောရင်ပြင်ထဲပြန်လာ၊ ပြီးတော့မှ မာနယ်ပလော ရင်ပြင်ရဲ့ ဟိုဖက် တောင်ကုန်းပေါ်ရှိ ကွန်မန်ဒိုကုန်းပေါ်တက်၊ ကွန်မန်ဒိုစခန်းဘေးမှာရှိတဲ့ KNU ရဲ့ နာမည်အကြီးဆုံး ဗျူဟာမှူး ဗိုလ်မှူးကြီးလောဝါဒီရဲ့ ရုံးခန်းမှာ ကိုမျိုးသန့်ကို ကျနော် တွေ့ရပါတယ်။

သူတို့ ၂ ဦးစလုံး စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ထားပြီး ပစ္စတိုတွေကိုလည်း ခါးမှာထိုးထားကြပါတယ်။ ပြီးတော့ သူတို့ရှေ့က စားပွဲမှာလည်း မြေပုံတွေ၊ အိမ်မြောင်တွေနဲ့ဆိုတော့ စစ်ဆင်ရေးကိစ္စ ဆွေးနွေးနေပုံရပါတယ်။

ဗိုလ်မှူးလောဝါဒီရဲ့ ဗျူဟာရုံးဟာ အုတ်တွေ၊ ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ ၂ ထပ် ရုံးခန်းဖြစ်ပြီး မာနယ်ပလော စစ်ရေးပြကွင်းအပါဝင် ရုံးတွေ၊ အိမ်တွေအားလုံးကို အပေါ်စီးကနေ လှမ်းမြင်နိုင်တဲ့အတွက် ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ပဒိုဝီး လက်ဖက်ရည်ဆိုင်ထက် နှစ်ဆမက ရှုခင်းပိုကောင်းတဲ့ နေရာဖြစ်ပါတယ်။

စိမ်းမြမြနဲ့ ကွေ့ကောက်စီးဆင်းနေတဲ့ သောင်ရင်းမြစ်၊ အဲဒီ မြစ်ရဲ့ ထိုင်းဘက်ကမ်းက တောအုပ်စိမ်းစိမ်း၊ မြစ်ရဲ့ဒီဘက် မြန်မာဘက်ကမ်းက မာနယ်ပလော တောတွင်းမြို့တော်၊ မြို့တော်ရဲ့ နောက်ကျောက မြင့်မားတဲ့ နော်ဒေးတောင်တန်းကြီး စသဖြင့် သဘာဝအလှအပကို ရှုစားရင်း စစ်ဖြစ်နေတဲ့ဒေသဆိုတာကို ခေတ္တမေ့သွားခဲ့ပါတယ်။

ထုံးစံအတိုင်း “ဝါလဲဂေး ဗိုလ်မှူး” ဆိုပြီး နှုတ်ဆက်ရင်းနဲ့ ဗိုလ်မှူးလောဝါဒီကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ပြီးတော့ (ဗိုလ်မှူး) ကိုမျိုးသန့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ (တကယ်က စစ်ဖက် အရာရှိတွေကို လက်ဆွဲနှုတ်ဆက်မယ့်အစား အလေးပြုရမှာကို အဲဒီအချိန်က ကျနော် မသိလိုက်ပါ။)

ကိုမျိုးသန့်ပုံက အရင် KNU နယ်မြေကော်မတီခေတ်က သံလွင်စခန်းကိုယ်စားလှယ်အဖြစ် အစည်းဝေးတွေမှာ တွေ့နေကြပုံမျိုး မဟုတ်တော့။ တကယ့် စစ်ဗိုလ်တဦးရဲ့စတိုင်ကို ဖမ်းထားပြီး လေသံကအစ စစ်သံပေါက်အောင်ပြောနေတယ်လို့ ကျနော်ထင်ပါတယ်။

နော်တမှာရှိတဲ့ ၂၀၁ ဘက်မလိုက်အဖွဲ့က ကျနော့်တပ်ဖွဲ့ဝင် ၂၅ ဦးကို ပြန်ခေါ်မယ်ပြောတော့ အချိန်စောသေးသလိုလို၊ စစ်ရေးကိစ္စတွေကို ဘာမှမသိတဲ့ စခန်းဥက္ကဌတယောက်က တပ်ရုပ်ဖို့ လာပြောနေတဲ့လူလိုလို ဆက်ဆံခံလိုက်ရတယ်လို့ ကျနော်စိတ်ထဲ ထင်မိပြီး ဆွေးနွေးမှုက သိပ်အဆင်မပြေလှပါ။

ကိုမျိုးသန့်နဲ့ ဆွေးနွေးမှုအပြီးမှာတော့ ဒီဗျုဟာရုံးနဲ့ ကွန်မန်ဒိုကုန်းရဲ့ နောက်ကျော တောင်ကုန်းပေါ်မှာရှိတဲ့ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်တို့ ဗဟိုကော်မီတီရုံးစိုက်ရာ ကျောင်းသားစခန်းဆီ ကျနော်တို့ရောက်ခဲ့ပါတယ်။ ဒီစခန်းဟာ မာနယ်ပလောစခန်းရဲ့ အမြင့်ဆုံးနေရာမှာ ရှိနေတယ်လို့ စိတ်ထဲထင်မိပြီး ရှေ့မှာပြောခဲ့တဲ့ ဗိုလ်မှူးလောဝါဒီ ရုံးထက်တောင်မှ မြင်ကွင်းပိုကောင်းတဲ့နေရာအဖြစ် ကျနော်သတိ ထားမိပါတယ်။

ကိုမိုးသီးဇွန်တို့ ဗဟိုဝင်းထဲ ဝင်လိုက်ချင်း ပထမဆုံးတန်းပြီး မြင်လိုက်ရတာကတော့ “Revolution is our school, our university” (တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်) ဆိုတဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်။

ဒီဆိုင်းဘုတ်ကို ဘာကြောင့် စိုက်ထူးထားသလဲဆိုပြိး ကိုမိုးသီးဇွန်ကို တခါမှမမေးဖြစ်ခဲ့ပါ။
ဒါပေမယ့် တိုက်ဆိုင်မှုရှိနေတာကတော့ အဲဒီကာလဟာ ကျောင်းသားတွေ နိုင်ငံခြားသွားပညာသင်တဲ့ကိစ္စအပေါ် အချို့က အမြင်မကြည်ကြပါဘူး။ တနည်းအားဖြင့် ပညာဆိုတာ နိုင်ငံခြားမှာ သွားသင်မှမဟုတ်၊ တော်လှန်ရေးလုပ်ရင်းနဲ့ လက်တွေ့ဘဝကနေ သင်ယူလို့ရတယ်လို့ ဆိုလိုချင်ပုံရပါတယ်။

အဲဒီ ဆိုင်းဘုတ်ရဲ့နောက်မှာ ကျွန်းသစ်အတိုအစတွေနဲ့ ဆောက်ထားတဲ့ ၂ ထပ်ဆောင်တခု၊ အဲဒီအဆောင်ရဲ့ရှေ့မှာ စစ်ရေးပြကွင်း၊ စစ်ရေးပြကွင်းရဲ့ ဘေးမှာတော့ ဥက္ကဋ္ဌရဲ့ ရုံးခန်းနဲ့ အစည်းဝေးခန်းတွဲထားတဲ့ မြေစိုက်ရုံးခန်းလေးတခုကိုတွေ့ရပါတယ်။

နှစ်ထပ်အဆောင်ရဲ့ နောက်ကျောမှာ ဆက်သွယ်ရေးနဲ့ ဆေးတပ်ဆွယ်ဌာန၊ စစ်ရေးပြကွင်းပြင်ရဲ့ တခြားတဖက်မှာတော့ စားဖိုဆောင်တွေကို တွေ့ရပါတယ်။ စားဖိုဆောင်ရဲ့ဘေးမှာတော့ ရှေ့တန်းသွားနိုင်တဲ့ ကားလမ်းကြမ်းတခုနဲ့ တောင်ပေါ်ကရေကို သွယ်ယူထားတဲ့ ပလတ်စတစ်ပိုက်လုံးတွေကို တွေ့ရပါတယ်။

ကားလမ်းရဲ့ ဟိုဘက်တောင်ကုန်းတခုပေါ်မှာတော့ ၂၀၈ တပ်ရင်းရုံးနဲ့ ဘားတိုက်တွေကို လှမ်းမြင်နေရပါတယ်။ ဒီစခန်းတွေဟာလည်း ရပ်ကွက်အသစ်တွေပါပဲ။ အရင် ၁၉၈၉ တုန်းက ဒီတောင်ကုန်းတွေဘက်မှာ KNU ကွန်မန်ဒိုစခန်းကလွဲရင် တခြားဘာမှ ကျနော်မမြင်ဖူးခဲ့ပါ။

(၂) မာနယ်ပလောမှ နော်တခံစစ် တောင်ကုန်းပေါ်သို့

ဘက်မလိုက်တပ်ရင်းက ရဲဘော် ၂၅ ဦး နော်တခံစစ်ကြောင်းသို့ လှေဖြင့်သွားနေစဉ်။

နောက်တရက်မှာတော့ အမဲသား အပါဝင် မာနယ်ပလောမှာ ဝယ်လို့ရနိုင်တဲ့ ရိက္ခာတွေဝယ်ပြီး ကျနော်တို့ တပ်တွေရှိရာ နော်တစစ်မျက်နှာဆီ စက်လှေတစီးနဲ့ ကျနော်၊ ကိုမျိုးသိန်းနဲ့ ဦးဟန်လင်းတို့အုပ်စု ရောက်သွားပါတယ်။

စစ်ပွဲကရပ်ပြီဆိုပေမယ့် တပ်တွေကဆုတ်ဖို့ အဆင်သင့်မဖြစ်သေး။ သစ်ပင်ကြီးတွေနဲ့ ကြခတ်ဝါးရုံ အနည်းအကျဉ်းသာရှိတဲ့ တောင်ပေါ်မှာ ကတုတ်ကျင်းတူးပြီး နေရာယူထားတဲ့ရဲဘော်တွေ၊ သူတို့ကကုတ်တွေရဲ့ ဟိုရှေ့ဘက်မှာတော့ တောတန်းနဲ့ သစ်ပင်အုပ်တွေ မြင်နေရပြီး အဲဒီအထဲမှာ နဝတ-တပ်တွေ ရှိနေဆဲလို့ ဆိုပါတယ်။

နော်တခံစစ်ကြောင်းမှာတွေ့ရတဲ့ ဘက်မလိုက်တပ်ဖွဲ့က ရဲဘော်အချို့။

၂ ဖက် အပစ်ရပ်ထားတယ် ဆိုပေမယ့် နဝတ-ဘက်က တပ်မဆုတ်သေးတဲ့အတွက် ကျနော်တို့ဘက်ကလည်း ဆုတ်ဖို့ခက်နေဆဲ အခြေအနေမျိုးပါ။ ဒီလိုနဲ့ ကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေးမြောင်းတွေထဲရှိ ကျနော်တို့ စခန်းက ရဲဘော်တွေနဲ့တွေဆုံ၊ ကျနော်တို့တပ်ရင်းရဲ့ စစ်ကြောင်းမှူး ကိုမင်းဇော်သူနဲ့ တပ်ပြန်ရုပ်ရေး အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။

နော်တခံစစ်ကြောင်းမှာတွေ့ရတဲ့ ဘက်မလိုက်တပ်ဖွဲ့က ရဲဘော်အချို့။

တခါ တောင်ပိုင်း နတ်အိမ်တောင်နဲ့ မင်းသမီးဒေကနေ ကျနော်တို့ တပ်တွေနဲ့ အတူပါလာပြီး အခု နော်တမှာလည်း အတူတာဝန်ကျနေတဲ့ ၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်းနဲ့ ရဲဘော်တွေရဲ့ ကတုတ်ကျင်းဆီလည်း ကျနော်တို့ သွားရောက် စကားပြော ဆွေးနွေးခဲ့ပါသေးတယ်။ မွန်းလွဲပိုင်းမှာတော့ ကျနော်တို့အဖွဲ့ နော်တကနေ မာနယ်ပလောဆီ ပြန်လာခဲ့ပါတယ်။

(၃) မာနယ်ပလောတိုက်ပွဲနှင့် ပေးဆပ်သူတိုရဲ့ ဒဏ်ရာများ

ချေခွေဗားရား ဆံပင်ဒီဇိုင်းထားတဲ့ ၁၀၂ တပ်ရင်းမှူး ကိုဘစောထန်းကို ကိုမိုးသီးဇွန်တို့ ဗဟိုစခန်းမှာ တွေ့ရစဉ်။

ကျနော်တို့ မာနယ်ပလောကို ပြန်ရောက်ပြီး ၃၊ ၄ ရက်လောက်ကြာမှ “ဧည့်သည်တပ်တွေ ပြန်လို့ရပြီ” လို့ အမိန့်ထွက်လာပါတယ်။ ဒီအမိန့်ထွက်ပြီး နောက်တရက်မှာ ကိုမင်းဇော်သူနဲ့ ကျနော်တို့ တပ်ရင်း ၂၀၁ တပ်စု တခုလုံး (၂၅ ဦး) နော်တကနေ မာနယ်ပုလောကို ပြန်ရောက်လာပါတယ်။ သူတိုအဖွဲ့ ပြန်လာပြီး နောက်တရက်မှာတော့ ၁၀၂ က အဖွဲ့တွေလည်း မာနယ်ပလောဆီ ပြန်ရောက်လာပါတယ်။

သူတို့နဲ့အတူ ပါလာတဲ့သတင်းဆိုး တခုကတော့ ရှေ့ပိုင်းပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ချေဂွေဗားရားပုံ ဆံပင်ပိုင်ရှင် ၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်း မိုင်းနင်းမိပြီး မဲဆောက်ဆေးရုံကို အရေးပေါ်တင်လိုက်ရကြောင်းနဲ့ ခြေထောက်တဖက် ဖြတ်ရမယ့်အနေအထားရှိနေတယ်ဆိုတဲ့ သတင်းပါ။

နော်တ တိုက်ပွဲအတွင်း တပ်ရင်းမှူး ကိုဘစောထွန်းမှအပ တခြား ပြင်းပြင်းထန်ထန် ဒဏ်ရာရသူ မရှိပါဘူး။ ကျနော်တို့တပ်ရင်းက ရဲဘော်တွေထဲမှာတော့ လက်နက်ကြီးအစ မှန်သူ ၃ ဦးရှိခဲ့ပြီး စစ်ကြောင်းမှူး ကိုမင်းဇော်သူ၊ ကိုသန်းစိုး ခေါ် ရုပ်ပိနဲ့ ကိုနိုင်ဝင်းတို့ ဖြစ်ပါတယ်။ ကိုမင်းဇော်သူနဲ့ ကိုသန်းစိုးတို့ဟာ လက်မောင်းနဲ့ ဗိုက်မှာထိပြီး ကိုနိုင်ဝင်းကတော့ မျက်လုံးထဲ လက်နက်ကြီးအစ သေးသေးလေး ဝင်သွားတယ်လို့ သိရပါ တယ်။ ကျနော် နော်တကို ရောက်သွားချိန်မှာ ကိုသန်းစိုးနဲ့ ကိုနိုင်ဝင်း ၂ ဦးစလုံး မဲဆောက်ဆေးရုံမှာ ရောက်နေတဲ့အတွက် ကျနော်နဲ့မတွေ့လိုက်ရပါ။

ဒီဆောင်းပါးရေးရင်းနဲ့ ကိုနိုင်ဝင်းကို လိုက်ဆက်သွယ်ကြည့်တော့ သြစတေလျနိုင်ငံကို ရောက်နေတာကိုတွေ့ရပြီး သူလက်နက်ကြီးအစ မှန်တဲ့နေ့ဟာ ၁၉၉၂ ဧပြီလ ၂၄ ရက်နေ့ဖြစ်တယ်လို့ပြောပါတယ်။ အခုချိန်ထိ မျက်လုံးထဲမှာ အဲဒီလက်နက်ကြီးအစ ရှိနေဆဲ၊ ပြန်လည်ခွဲထုတ်ဖို့ ခက်နေဆဲဖြစ်ကြောင်း၊ အေးတဲ့အခါ ဒါမှမဟုတ် သိပ်ပူတဲ့အခါ ခေါင်းမူးတဲ့ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အပြင် သူရဲ့ဘယ်ဘက်မျက်လုံးဟာ သိပ်မမြင်ရဘူး ဖြစ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

တခါ အခု ဂျာမနီနိုင်ငံကို ရောက်နေပြီဖြစ်တဲ့ ၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်းကိုလည်း ၂၀၀၅ ခုနှစ်က ဘာလင်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအတွင်း ကျနော်ထပ်မံတွေ့ဆုံခွင့် ရခဲ့ပါတယ်။ မိုင်းနင်းမိတဲ့ ဘယ်ဘက် ခြေထောက်က မဖြတ်လိုက်ရပေမယ့် အရိုးဆစ်တခုကို ထုတ်လိုက်ရတဲ့အတွက် ဘယ်ခြေက ညာခြေထက် တလက်မလောက်နိမ့်နေပြီး ဂျိုင်းဒေါင့် နှစ်ဖက်ကို အားပြုသွားနေရတဲ့သူပုံက နော်တစစ်မြေပြင်မှာ ကျနော်တွေ့စဉ်ကပုံနဲ မတူတော့ပါဘူး။

သူရဲ့သူပုန်သင်္ကေတ ချေဂွေဗားရားပုံ ဆံပင်ရှည်တွေကို မြတ်မြတ်နိုးနိုး ဆက်ထားနေဆဲပါ။ ဒါပေမယ့် တောထဲမှာတုန်းကလို ဒီတိုင်း ချမထားတော့ပဲ နောက်မှာ စည်းထားတာကို တွေ့ရပြီး လူလည်း အတော်ပိန်သွားတယ်လို့ ထင်ပါတယ်။

“ဘာတတ်နိုင်မလဲဗျာ။ တော်လှန်ရေးရဲ့ အသီးအပွင့်တွေပေါ့။ ခြေထောက်မဖြတ်လိုက်ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမှာ” ဆိုပြီး မချိပြုံးပြုံးကာ ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ဆန္ဒပြပွဲပြီးတော့ ကျနော်လည်း သတင်းအချိန်မီပို့ဖို့ ပြင်ရင်းနဲ့ သူနဲ့ အသေချာ စကားမပြောဖြစ်လိုက်ပါဘူး။

အခု ဒီဆောင်းပါးရေးတော့မှပဲ သူ့ကို အွန်လိုင်းကနေ ဆက်သွယ်ပြီး နော်တက ဒဏ်ရာတွေအကြောင်း အသေအချာ မေးမြန်းကြည့်ဖြစ်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ သူ့လို ဒဏ်ရာရသွားတဲ့ “ရဲဘော်သူငယ်ချင်းတွေ” ဘယ်လောက်များ ရှိနေလေမလဲ၊ အခု ဒီလူတွေ ဘယ်ရောက်ပြီး ဘဝကို ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြသလဲဆိုပြီး ဟိုနိုင်ငံ၊ ဒီနိုင်ငံက ရဲဘော်ဟောင်းတွေကို အွန်လိုင်းကနေ ကျနော် လိုက်မေးမိပါတယ်။
……………………………………………….

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၄) >>>>>

ထက်အောင်ကျော်